လူတိုင်းလူတိုင်းတွင် ကိုယ်ပိုင်အိပ်စက်တဲ့ပုံစံ ရှိကြပါတယ်။ လူအများစုက ပက်လက်လှန်အိပ်ခြင်းက
အိပ်စက်မှုပုံစံတွေထဲမှာ သဘာဝအရ အခြေခံအကျဆုံးနှင့် အကောင်းဆုံးပုံစံလို့
ပြောကြပါတယ်။ သင့်ခန္ဓာကိုယ်အလေးချိန်ကို ဟန်ချက်ညီညီရှိနေစေပြီး ကိုယ်တွင်းအင်္ဂါတွေကိုလည်း
နေရာတကျရှိစေပါတယ်။ သို့သော်ဘေးတစောင်းအိပ်တာကလည်း ခန္ဓာကိုယ်ကျန်းမာရေးအတွက်
ကောင်းကျိုးများစွာရှိတယ်ဆိုတာလည်းတွေ့ရှိရပါတယ်။ ဒီတော့…ဘာတွေဖြစ်မလဲ
ကြည့်ကြရအောင်......။
အမှန်တကယ်ပြောရမယ်ဆိုရင် ဘေးတစောင်းအိပ်တာက ပုံစံ ၃ မျိုးရှိပါတယ်။ ဥပမာ -
• မိခင်ဗိုက်ထဲရှိ သန္ဓေသားသကဲ့သို့ ဒူးကိုရင်ခွင်ထိကွေးပြီး ဘေးတစောင်းအိပ်စက်တဲ့ပုံစံ
• တခြားသူတစ်ယောက်ကို လက်လှမ်းနေသကဲ့သို့ခြေတွေလက်တွေဘေးသို့ဆန့်ပြီး
ဘေးတစောင်းအိပ်စက်တဲ့ပုံစံ
• သစ်တုံးကဲ့သို့ခြေထောက်ကိုဘေးဆန့်ထွက်ပြီး လက်နှစ်ဘက်က
ခန္ဓာကိုယ်နှင့်တပြေးညီထားပြီး ဘေးတစောင်းအိပ်စက်တဲ့ပုံစံ
ဘယ်လိုပဲဖြစ်ဖြစ် ၎င်းတို့သည် ပုံမှန်မဟုတ်သော အိပ်စက်တဲ့ပုံစံများသာဖြစ်တယ်
တချို့လူတွေမှာ ကွဲပြားခြားနားသော အိပ်စက်တဲ့ပုံစံအမျိုးမျိုးရှိပြီး၊ တချို့လူတွေကတော့
ဆန်းပြားတဲ့အိပ်စက်တဲ့ပုံစံတွေ ရှိပါတယ်။ သို့သော် မည်သည့်ပုံစံတွင်ရှိနေသည်ဖြစ်စေ
ကျန်းမာရေးအတွက် ကောင်းကျိုးများရှိပါတယ်။
• ကျောကုန်းနာကျင်မှုကိုသက်သာစေခြင်း
ဘေးတစောင်းအိပ်ခြင်းဟာ ကျွန်ုပ်တို့၏ကျောကုန်းအတွက် အကောင်းဆုံးပုံစံလို့
ပြောလို့ရပါတယ်။ နာတာရှည်ကျောနာဝေဒနာရှိတဲ့လူတွေမှာဘေးတစောင်းအိပ်တာက သက်သာစေတယ်လို့
ခံစားရပါတယ်။ အထူးသဖြင့် ဘယ်ဘက်ခြမ်းစောင်းအိပ်တာ။ ဘာဖြစ်လို့လဲဆိုတော့
ကျောရိုးမှာကျသောဖိအားများကိုလျှာ့ချပေးသဖြင့် သက်တောင့်သက်သာပိုဖြစ်စေပြီး
ကောင်းမွန်စွာအိပ်ပျော်စေပါတယ်။
• အညစ်အကြေးစွန့်စနစ်ကိုကောင်းမွန်စေခြင်း
ဘယ်ဘက်တစောင်းအိပ်ခြင်းဟာ ခန္ဓာကိုယ်သဘာဝဆွဲငင်အားကို အသုံးပြု၍ အူမကြီးအား
အစားအစာနှင့်အညစ်အကြေးများသယ်ဆောင်ရန် အထောက်အကူဖြစ်စေပါတယ်။ သင့်ကို မနက်မိုးလင်းအချိန်၌
အညစ်အကြေးများစွန့်ပစ်ရန်ကောင်းမွန်စေပါတယ်။ ဒါ့အပြင်ဘေးတစောင်းအိပ်ခြင်းဟာ
အစာအိမ်နှင့် ပန်ကရိယ တို့ကို သဘာဝအတိုင်းဆွဲထားစေတယ်။ ထို့အပြင်
အခြားကိုယ်တွင်းအင်္ဂါများမှ ဖိညှပ်ခံခြင်းကိုလည်းမရှိစေဘဲ အစာခြေရည်ကို
ကောင်းမွန်စွာထုတ်လုပ်ပေးနိုင်ပြီး၊ အစားအစာများကို အပြည့်အဝအစာခြေဖျက်ပေးစေနိုင်ပါတယ်။
• ရင်ပူခြင်းကိုလျှော့ချပေးခြင်း
The Journal of Clinical Gastroenterology ဂျာနယ်မှထုတ်ဖော်ထားသော သုတေသနလေ့လာချက်တစ်ခုမှာ
ဘယ်ဘက်တစောင်းအိပ်ခြင်းဟာ အက်ဆစ်ရည်လျှံတက်သောရောဂါ (GERD) ကိုသက်သာလျှော့ပါးစေနိုင်ပါတယ်။
အဘယ်ကြောင့်ဆိုသော် အစာအိမ်နှင့် အက်ဆစ်ရည်များသည် အိပ်ပျော်နေစဉ်၌
အစာရေမျိုပြွန်ရဲ့အောက်မှာရှိနေတာအတွက်ကြောင့်
အက်ဆစ်ရည်များဆန်တက်မသွားစေနိုင်ခြင်းပဲဖြစ်ပါတယ်။ သို့သော် တချိန်တည်းမှာ
ညာဘက်တစောင်းအိပ်ခြင်းကတော့ အက်ဆစ်ရည်လျှံတက်သောလက္ခဏာကို ပိုဆိုးသွားစေနိုင်ပါတယ်။
• ဟောက်ခြင်း (သို့) အိပ်ပျော်နေစဉ် ရုတ်တရက်အသက်ရှူရပ်တန့်ခြင်းကို လျှော့ချပေးခြင်း
ဘေးတစောင်းအိပ်ခြင်းဟာ လျှာကို လည်ချောင်းထဲဝင်ပြီး အသက်ရှူလမ်းကြောင်းသွားပိတ်တာကို
ကာကွယ်ပေးတယ်။ ထို့ကြောင့်ဟောက်ခြင်းနှင့်ညအိပ်ပျော်နေစဉ် ရုတ်တရက်အသက်ရှူရပ်သောလက္ခဏာ (Sleep apnea) ကိုမဖြစ်စေရန်လျှော့ချစေပါတယ်။
• နှလုံးအတွက်ကောင်းမွန်ခြင်း
ဘယ်ဘက်တစောင်းအိပ်ခြင်းဟာ နှလုံးသွေးစီးဆင်းမှုကို အထောက်အကူပြုပြီး၊ နှလုံးကို
တွန်းပို့သောသွေးဖိအားကိုလည်းလျှာ့ချပေးနိုင်တဲ့အတွက်ကြောင့် ဆရာဝန်များက ထိုသို့အိပ်ရန်
အကြံပြုကြလျက်ရှိပါတယ်။ သို့သော်လည်း ဘယ်ဘက်တစောင်းအိပ်တာနှင့် ညာဘက်တစောင်းအိပ်တာ
ဘယ်ဟာက ပိုကောင်းလဲဆိုတာ လက်ရှိမှာတော့ အငြင်းပွားနေဆဲပါပဲ။
• ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် သင့်တော်ခြင်း
ဘေးတစောင်းအိပ်ခြင်းဟာသွေးလည်ပတ်မှုကို အထောက်အကူပြုရုံသာမကဘဲ
ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက်လည်း သင့်တော်သောအိပ်စက်တဲ့ပုံစံဖြစ်ပါတယ်။ အထူးသဖြင့်
နောက်ဆုံး ၃ လ ပါတ်အတွင်း ကိုယ်ဝန်ဆောင်သည်များအတွက်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့
သန္ဓေသားအရွယ်အစားကြီးမားလာသောကြောင့်ဖြစ်ပါတယ်။ ဘေးတစောင်းအိပ်ခြင်းဟာ
သန္ဓေသား၏ကိုယ်အလေးချိန်ကို မိခင်အပေါ်အရမ်းမကျစေရန်နှင့်ကျောကုန်း၊ ခါး၊ ဆီးအိမ်၊ အသည်း
တို့ကိုလည်း အရမ်းသွားမဖိအောင်လျှာ့ချပေးတယ်။ ဒါ့အပြင် သားအိမ်၊ ကျောက်ကပ်နှင့်
သန္ဓေသားတို့ကို သွေးလည်ပတ်မှုကောင်းစေရန် အထောက်အကူဖြစ်စေပါတယ်။
• ပခုံးနာကျင်မှုဖြစ်စေခြင်း
ဘေးတစောင်းအိပ်ခြင်းသည် ခန္ဓာကိုယ်ဘေးတစ်ခြမ်းသို့ အလေးတင်လိုက်တာ
ဖြစ်သောကြောင့် ပခုံးကို ညောင်းညာကိုက်ခဲမှုကိုဖြစ်စေနိုင်တယ်။ အကယ်၍ တစ်ခြမ်းတည်း
ကြာကြာအိပ်မောကျသွားရင်လည်း ဖြစ်တတ်တယ်။ အထူးသဖြင့် ပခုံး ဖြစ်ပါတယ်။
• မေးရိုးနာကျင်မှုဖြစ်စေခြင်း
အကယ်၍ သင့်တွင်တင်းမာသောမေးရိုးရှိနေလျှင်ဘေးစောင်ပြီးအိပ်ခြင်းသည် အိပ်နေစဉ်၌
မေးရိုးကို ဖိအားပိုပေးနေတာဖြစ်နေသောကြောင့် မနက် အိပ်ယာကနိုးလာရင်မေးရိုးနာကျင်မှုကို
ခံစားရတတ်တယ်။
• နှလုံးကိုဖိအားတိုးစေခြင်း
ဘေးတစောင်းအိပ်ခြင်းကြောင့် အဆုတ်ရဲ့အလေးချိန်ဟာနှလုံးကိုသွားဖိပြီး
နှလုံး၏လုပ်ဆောင်မှုများကို အနှောက်ယှက်ဖြစ်စေကာ ရုတ်တရက်နှလုံးဖောက်ပြန်သောလက္ခဏာကို
ဖြစ်နိုင်ချေတိုးစေတတ်ပါတယ်။
ဘေးတစောင်းကြာကြာအိပ်ပျော်တာ သိပ်ပြီးတော့ သက်တောင့်သက်သာမရှိတာက အမှန်ပါ။ ဒါပေမယ့်
သင့်လျော်သောအိပ်ယာပြင်ဆင်မှုများရှိခြင်းသည်ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပြီး
ညောင်းညာကိုက်ခဲမှုများလည်း ကင်းဝေးစေပါတယ်။
1. သင်၏ လည်ပင်းနှင့်ပခုံး ကိုက်ညီသော ခေါင်းအုံးနှင့်အိပ်ပါ။
2. အောက်ပိုင်းကျောကုန်းကိုထောက်ပံံ့ရန် ဒူးခေါင်းနှစ်ဖက်ကြား၌ ခွခေါင်းအုံးနှင့်ခွပြီး အိပ်ပါ။
3. အရမ်းနူးညံ့လွန်းတဲ့ခေါင်းအုံးကြောင့် ဦးလွဲတာတွေမဖြစ်ရန်နည်းနည်းမာတဲ့ခေါင်းအုံးဟာမျိုး ရွေးချယ်ပါ။
4. ခြေတွေလက်တွေတင်ထားရန်နှင့် ညောင်းညာကိုက်ခဲမှုတွေမဖြစ်ရန် ဖက်လုံးနှင့်အိပ်ပါ။
(ပိုပိုလေး)
comment