ထိုင်းနိုင်ငံမှာ အသက် ၁၀ နှစ်သာ ရှိသေးပေမယ့် အသက် ၈၀ ကျော် အဖိုးအဖွားတွေကို အရွယ်နဲ့မမျှအောင် လုပ်ကိုင်ကျွေးမွေးနေတဲ့ ကလေးလေး တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်က ထိုင်းဝန်ကြီးချုပ်ရဲ့ စိတ်နှလုံးကို တိုက်ရိုက် ထိမှန်သွားခဲ့ရပါတယ်။
“ဒေါင်” လို့အမည်ရတဲ့ ကလေးလေးဟာ Covid-19 ကြောင့် Lockdown ချထားပြီး လူသူကင်းမဲ့နေတဲ့ လမ်းတွေပေါ်မှာ အသီးအရွက်တွေ တင်ထားတဲ့ သုံးဘီးစီဘီးလေးကို မနိုင့်တနိုင်နင်းကာ စားဝတ်နေရေးအတွက် ဈေးလည်ရောင်းနေရပါတယ်။ ဒါပေမယ့်လည်း Lockdown ကြောင့် ဆောင်ခလာမြို့ရဲ့ လမ်းကြိုလမ်းကြား လမ်းမတွေပါမကျန်အောင် လျှောက်သွားပြီး ရောင်းချပေမယ့်လည်း ဝယ်သူကင်းမဲ့နေပါတယ်။
“ဒေါင်” ဟာ ပထမန်းကျောင်းသားအရွယ်ကတည်းက အဖွားဖြစ်သူစိုက်ပျိုးပေးတဲ့ ဟင်းသီးဟင်းရွက်တွေကို အခုလိုအရပ်တကာလည်ပြီး ရောင်းချခဲ့ရပါတယ်။ သူဟာ အသက် ၅၆ နှစ်အရွယ် အဖွား၊ အသက် ၈၉ နှစ်အရွယ် အဘေး(အဖွား၏ မိခင်)နှင့် ကျန်းမာရေး မကောင်းတော့တဲ့ အသက် ၉၆ နှစ်အရွယ် အဘေး(အဖွား၏ ဖခင်)တို့နဲ့ အတူနေထိုင်ရင်း မိသားစုစားဝတ်နေရေးအတွက် ဈေးထွက်ရောင်းရကြောင်း Sin Chew Daily သတင်းက ဖော်ပြထားပါတယ်။
ကံမကောင်းစွာနဲ့ပဲ အခုလို ကပ်ရောဂါဆိုးကြီးဆိုက်လာချိန်မှာ မိသားစုစားဝတ်နေရေး ဖြေရှင်းဖို့ “ဒေါင်” မှာ အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်နေရပါတယ်၊ အထူးသဖြင့် ထိုင်းမှာ Lockdown ကာလကို မေလထိ တိုးမြှင့်လိုက်တာကြောင့် ပိုပြီးအခက်ကြုံနေရပါတယ်။
သူဟာ လမ်းပေါ်မှာ လူဘယ်လောက်နည်းနည်းပဲရှိရှိ နေ့တိုင်းကြိုးစားပမ်းစာ ဈေးထွက်ရောင်းရှာပါတယ်။ ဈေးရောင်းလို့ရနိုင်မယ်လို့ ထင်တဲ့နေရာတွေအကုန်လုံးကို အပင်ပန်းခံလှည့်လည်ပြီးရောင်းချပါတယ် ဒါပေမယ့်လည်း ကြိုးစားသလောက် အရာမထင်ပဲ ရောင်းမကုန်တဲ့ သင်းသီးဟင်းရွက်တွေနဲ့ အိမ်ပြန်ရတဲ့ နေ့တွေ စိပ်လာခဲ့ပါတယ်။
“ဒေါင်” ရဲ့ စိတ်မကောင်းစရာအကြောင်းလေး အွန်လိုင်းပေါ်ကနေတစ်ဆင့် ပြန့်နှံ့ခဲ့ပြီး ထိုင်းဝန်ကြီးချုပ်ရဲ့ နားမျက်စိရှေ့အထိ ရောက်သွားတဲ့အခါမှာတော့ ဝန်ကြီးချုပ်က စိတ်မကောင်းဖြစ်ပြီး ဆောင်ခလာမြို့က အာဏာပိုင်တွေကို “ဒေါင်” ကို ရှာဖွေပြီး သူ့မိသားစု စားဝတ်နေရေး အဆင်ပြေအောင် ပံ့ပိုးကူညီဖို့၊ ကပ်ဆိုးကြီး ပြီးသွာသည်ထိ အစားအသောက်တွေ မပြတ်လပ်အောင် ပို့ပေးပြီး စောင့်ရှောက်ဖို့ ညွှန်ကြားခဲ့ပါတယ်။
“ဒေါင်” ရဲ့ အကြောင်းဟာ အွန်လိုင်းပေါ်က လူတွေအားလုံးကို ဟတ်ထိစေခဲ့ပြီး အရွယ်နဲ့မလိုက်အောင် သိတတ်လိမ္မာတဲ့ ကလေးအဖြစ်၊ ဘဝကိုအရှုံးမပေးတဲ့ ကလေးအဖြစ် ချီးကျူးလို့မဆုံး ဖြစ်နေပါတယ်။
ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာရော ဒီလိုမျိုး ကလေးလေးတွေ ဘယ်နှစ်ယောက်တောင် ရှိနေပါလိမ့်..?
comment