ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါပိုး ကာကွယ်ရေးအတွက် WHO က ထုတ်ပြန်ထားသည့် အဓိကအရေးအကြီးဆုံး အချက်မှာ လက်ကို မကြာခဏ ဆေးပေးရခြင်းဖြစ်ပါတယ်။ ဆပ်ပြာနဲ့ဖြစ်စေ လက်သန့်စင်ဆေးရည်နဲ့ဖြစ်စေ ဆေးကြောပေးရတာကြောင့် အခုလို အချိန်ခါမျိုးမှာ လူတိုင်းအိမ်တိုင်း၌ လက်သန့်စင်ဆေးရည်ဗူးများ ဆောင်ထားကြ၊ ရှိနေကြမည်မှာ မလွဲဧကန်ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ပိုးကို သေစေနိုင်သည့် လက်သန့်စင်ဆေးရည်ဗူးတွေဟာ အခြားဘက်ကကြည့်ရင် အယ်လ်ကိုဟော ၆၀% ကျော် ပါဝင်နေတဲ့အတွက် အန္တရာယ်လည်းရှိနေပါတယ်။ အထူးသဖြင့် စဉ်းစားဆင်ခြင်တတ်ခြင်း မရှိသေးတဲ့ ကလေးငယ်တွေ အတွက်ပါ။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ အသက် ၃ နှစ်အရွယ် သမီးလေးတစ်ဦးဟာ လက်သန့်စင်ဆေးရည်ဗူးကို လက်ကနေဆုပ်ကိုင်ရင်း အိမ်နားမှာ အမှိုက်တွေကို မီးရှို့နေတဲ့ မီးပုံအနီးသို့သွားခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပြီး မျက်နှာ၊ လက်မောင်းနဲ့ ခြေထောက်တို့မှာ မီးလောင်ဒဏ်ရာတွေ ပြင်းစွာရရှိခဲ့ပါတယ်။
ဧပြီလ ၄ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ကလေးကို ဆေးရုံသို့ ချက်ခြင်းပို့ကာ အရေးပေါ်ကုသမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ပို့ခဲ့တဲ့ ဆေးရုံက ကိုရိုနာဗိုင်းရပ်စ်ရောဂါသည်တွေအတွက် စီစဉ်ထားတာကြောင့် အခြားဆေးရုံတစ်ရုံကို ထပ်မံလွှဲပြောင်း ကုသခဲ့ရပါတယ်။
ယခုအခါ ကလေးက ပြန်လည်ကျန်းမာလာနေသော်လည်း မိဘတွေကတော့ ဆေးကုသစရိတ် ရူပီး ၂၁ သန်း (ကျပ် ၁၈ သိန်းကျော်) ကုန်ကျထားပြီး ထပ်မံကုန်ကျရဖို့လည်း ရှိနေပါတယ်။ ဒါကြောင့်မို့ Facebook ပေါ်ကနေ သမီးလေးအတွက် အလှူခံလျှက်ရှိပါတယ်။ လက်ရှိအချိန်မျာလည်း ကလေးရဲ့ ဖခင်ဖြစ်သူဟာ Lockdown ချထားတဲ့ အချိန်ဖြစ်တာကြောင့် အခြားမြို့ကနေ မိသားစုရှိရာနေရာကို မပြန်နိုင်တဲ့အတွက် သမီးနဲ့လည်း တွေ့ခွင့်မရဖြစ်နေပါတယ်။
သုတေသနပြုထားချက်အရ လက်သန့်စင်ဆေးရည်များတွင် အီသိုင်းလ် အယ်ကိုဟောလ် (ethyl alcohol) ၆၀% လောက် ပါဝင်တာကြောင့် မီးလောင်တတ်ကြောင်း ဖော်ပြထားပါတယ်။ ပုံမှန်အားဖြင့် လက်သန့်စင်ဆေးရည်ထဲမှာပါဝင်တဲ့ အယ်လ်ကိုဟောဟာ ၁၀ စက္ကန့်လောက်အတွင်းမှာ အငွေ့ပျံသွားပေမယ့် ပုလင်းထဲ၊ ဗူးထဲမှာ ထည့်ထားတဲ့အခါမှာတော့ အလွယ်တစ်ကူ အငွေ့မပျံနိုင်ပါဘူး။
ဒါကြောင့် လက်သန့်စင်ဆေးရည်တွေကို သတိထားပြီး သုံးစွဲကြရန်၊ မီးနဲ့ အနီးနားမှာ မထားကြရန်နှင့် ကလေးငယ်များ အလွယ်တစ်ကူ ရယူနိုင်တဲ့နေရာတွေမှာ မထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။
comment