ကမ္ဘာတစ်လွှားမှ နောက်ဆုံးရ အချက်အလက်များအရ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကြောင့် သေဆုံးသူများတွင် အမျိုးသားများက အမျိုးသမီးများထက် မြင့်မားနေကြောင်း တွေ့ရှိထားသည်။ အကြောင်းရင်း အတိအကျကိုမူ ရှင်းလင်းစွာ မသိရသေးသော်လည်း ကျွမ်းကျင်သူများက ဖြစ်နိုင်ခြေရှိသည့် သီအိုရီများနဲ့တစ်ကွ ရှင်းပြောကြားလိုက်သည်။
အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်လူနာများတွင် အမျိုးသားက ၅၃% ဖြစ်သော်လည်း သေဆုံးသူများတွင်မှု ၆၈% ရှိပါတယ်။ ဂရိနိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ်အမှုနဲ့ ဆက်စပ်သူ အမျိုးသားက ၅၅% ရှိသော်လည်း သေဆုံးမှုမှာ ၇၂% ထိရှိသည်။
အလားတူစွာပင် ပီရူးနိုင်ငံမှာ ကူးစက်ခံရသူ ၅၈% မှာ အမျိုးသားများဖြစ်ပြီး သေဆုံးမှုမှာ ၇၂% ရှိသည်။ ဒိန်းမတ်နိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားသူများ၏ ၄၆% က အမျိုးသားများဖြစ်သော်လည်း သေဆုံးသူများ၏ ၆၄% မှာ အမျိုးသားများပင်ဖြစ်ကြောင်း Global Health 50:50 project တွင် ဖော်ပြထားသော နိုင်ငံတစ်ကာ အချက်အလက်စာရင်းများအရ သိရှိရသည်။
ဒီအချက်အလက်များကို လေ့လာကြည့်ခြင်းအားဖြင့် တစ်ကမ္ဘာလုံးမှာ ရောဂါပိုးရဲ့ ဖိစီးနှိပ်စက်မှုဟာ အမျိုးသမီးများထက် အမျိုးသားများအပေါ် ပိုပြီးသက်ရောက်တာကို တွေ့ရှိရကြောင်း Dr Deborah Brix က မကြာသေးခင်က အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာများနဲ့ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“အီတလီနိုင်ငံကနေစပြီး ကျွန်မတို့ နောက်ထပ် အာရုံစိုက်ရမယ့် အခြေအနေတစ်ရပ်ကို မြင်တွေ့လာရပါတယ်၊ ဒါကတော့ သေဆုံးမှုမှာ အမျိုးသားတွေက အမျိုးသမီးတွေ(အသက်အရွယ်မရွေး )ထက် နှစ်ဆပိုပြီး မြင့်နေတယ်ဆိုတာပါပဲ” ဟု သူမက ဆိုပါတယ်။
Dr Deborah Brix ဟာ Exeter Medical School မှ အကြီးတန်း ဆေးပညာပို့ချသူ ဆရာမ တစ်ဦးလည်းဖြစ်ပြီး အမျိုးသားတွေအတွက်တော့ ပထမအရွယ်ကစလို့ အရွယ်အားလုံးမှာ အန္တရာယ်ရှိတယ် လို့ ဆိုပါတယ်။
ကျန်းမာရေးကျွမ်းကျင်ပညာရှင် Sarah Hawkes က ဖြည့်စွက်ပြီး “အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ခုခံအားစနစ် ကွာခြားပုံကို ကျွန်မတို့အားလုံး ရှင်းရှင်းလင်းလင်း သိထားကြပြီးသားပါ၊ ဘာကြောင့်လဲဆိုတော့ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံဟာ မတူညီတဲ့ လုပ်ဆောင်ချက်တွေ လုပ်ရတာကြောင့်ပါပဲ” ဟု ဆိုပါတယ်။ ဒါကြောင့်မို့ ခုခံအားစနစ်တွေ ဟော်မုန်းအနေအထားတွေဟာ လုံးဝကို ကွဲပြားခြားနားနေတဲ့အတွက် အကြောင်းရင်းတစ်ခုခုကြောင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု မြင့်မားနေပါတယ်ဟု ရှင်းပြခဲ့ပါတယ်။
Oxfam Canada ရဲ့ ကမ်ပိန်းနဲ့ မူဝါဒရေးရာ ဒါရိုက်တာ Diana Sarosi က အမျိုးသားတွေရဲ့ သေဆုံးမှုနှုန်းဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပက်သက်ပြီး အမျိုးသားတွေက သိပ်ပြီးအရေးမထားတာ မကြောက်တာကြောင့်နဲ့လည်း ဆက်နွယ်မှုရှိကြောင်း ပြောဆိုခဲ့ပါတယ်။
“အမျိုးသမီးတွေကတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေပေါ်မှာ အတော်လေး စိုးရိမ်ပူပန်တတ်ကြပြီး ဂရုတစိုက် နေထိုင်လုပ်ကိုင်ကြပါတယ်” ဟု ဆိုပါတယ်။
မည်သို့ပင်ဖြစ်စေကာမူ အတွေ့အကြုံများနဲ့ ဖြစ်ရပ်သက်သေတွေအရ အမျိုးသမီးရော အမျိုးသား နှစ်မျိုးစလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အန္တရာယ်က ကူးစက်ပြန့်ပွားနိုင်မှု ရှိနေကြောင်း ကျွမ်းကျင်သူများက ထပ်လောင်း သတိပေးခဲ့ပြီး သေဆုံးမှုမှာ အမျိုးသားများက မြင့်နေရတဲ့ အကြောင်းရင်းကို ဆက်လက်စူးစမ်းလေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။
comment