“စတိဗ်ဂျော့” ကို လူတိုင်း သိကြလိမ့်မည် ထင်ပါသည်။ iPhone နဲ့ Mac ကွန်ပြူတာများကို ဖန်တီးခဲ့သူ Apple ကုမ္ပဏီကို ကားဂိုဒေါင်အခန်းလေးထဲကနေ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးဖြစ်လာအောင် ကြိုးစားတည်ထောင်ခဲ့သူဖြစ်ပါတယ်။ နည်းပညာလောကမှာ ဘုရင်တစ်ဆူဖြစ်ခဲ့တဲ့ သန်းကြွယ်သူဌေးကြီး “စတိဗ်ဂျော့” ဟာ ကွယ်လွန်ချိန်မှာ အသက် ၅၆ နှစ်သာ ရှိပါသေးသည်။ သူဟာ ပန်ကရိယကင်ဆာဖြင့် ဆေးရုံပေါ်မှာ နောက်ဆုံးအချိန်တွေကို ဖြတ်သန်းရင်း ကွယ်လွန်သွားခဲ့ပါတယ်။
သူ မကွယ်လွန်မီ ဆေးရုံခုတင်လေးပေါ်မှာ ဝေဒနာကို လူးလဲခံစားရင် ဘဝမှာ ဘယ်အရာက အရေးကြီးဆုံးလဲဆိုတာကို ပြောပြသွားခဲ့တဲ့ နောက်ဆုံးစကားက လူတိုင်းအတွက် လက်ရှိ Apple ကုမ္ပဏီကြီးရဲ့ ရှယ်ယာတန်ဖိုးထက်တောင် အဖိုးတန်လှပါတယ်။ သူပြောခဲ့တဲ့ စကားက -
“ကျွန်တော်ဟာ စီးပွားရေးလောကမှာ ထိပ်ဆုံးနေရာကို ရောက်ခဲ့ပါတယ်။ အခြားသူတွေရဲ့ မျက်လုံးထဲမှာတော့ ကျွန်တော့်ဘဝဟာ အင်မတန်မှ အားကျစရာ၊ စံနမူနာယူစရာကောင်းတယ်လို့ မြင်ကြမှာပါပဲ။
တစ်ကယ်တမ်းကျတော့ ကျွန်တော့်ဘဝက အလုပ်ကိုဘေးဖယ်ထားပြီး ကြည့်မယ်ဆိုရင် ပျော်ရွှင်စရာဆိုလို့ သေးသေးလေးပဲရှိပါတယ်။ အဆုံးသတ်မှာတော့ ချမ်းသာကြွယ်ဝမှုဆိုတာ ကျွန်တော်ကျင်လည်ခဲ့တဲ့ ဘဝဆိုတဲ့ အရာထဲက အချက်လေးတစ်ချက်မျှသာ ဖြစ်တယ်ဆိုတာ သဘောပေါက်သွားပါတယ်။
အခုလူနာကုတင်ပေါ် လဲလျောင်းနေရတဲ့ အခိုက်အတန့်မှာတော့ ကျွန်တော့်ဘဝတစ်ခုလုံးကို ပြန်လှန်သုံးသပ်နေမိခဲ့တယ်။ ကျွန်တော်ကို အမြဲတမ်းဂုဏ်ရှိစေခဲ့ရတဲ့ ချမ်းသာကြွယ်ဝမှုတွေ၊ လူတွေရဲ့ အသိအမှတ်ပြုခြင်းခံရမှုတွေဟာ အခုနောက်ဆုံး သေမင်းနဲ့ ရင်ဆိုင်ရတော့မယ်အချိန်ကျတော့ ဘာမှအဓိပ္ပါယ်မရှိပါလားဆိုတာကို ကျွန်တော် ကောင်းကောင်းကြီး သဘောပေါက်သွားတယ်။
ခင်ဗျားအတွက် ကားမောင်းပေးဖို့ ကားဒရိုင်ဘာ လိုချင်ရင် ငှားလို့ရတယ်၊ စီးပွားရှာဖို့ ဝန်ထမ်းတွေကို ပိုက်ဆံပေးပြီး ခန့်ထားလို့ရတယ် ဒါပေမယ့် ခင်ဗျားနာမကျန်းဖြစ်လာရင်တော့ တစ်ယောက်ယောက်ကို ငှားပြီး ငါ့အစား နာမကျန်းဖြစ်ပေးကွာဆိုပြီး ပိုက်ဆံပေးခိုင်းလို့မရနိုင်ပါဘူး။
ဥစ္စာပစ္စည်းတွေဆိုတာ ပျောက်သွားရင် ပြန်ရှာတွေ့နိုင်တယ်။ ဒါပေမယ့် ပျောက်သွားရင် ဘယ်သောအခါမှ ပြန်ရှာလို့ မတွေ့နိုင်တာက “ဘဝ” ဆိုတာပါပဲ။
လူတစ်ယောက်ဟာ လက်တွန်းလှည်းပေါ်တင်ပြီး ခွဲစိတ်ခန်းထဲကို ဝင်သွားရတဲ့အချိန်ကျမှ ဪ.. “ကျန်းမာပျော်ရွှင်တဲ့ဘဝ” ဆိုတဲ့ စာအုပ်တစ်အုပ် ငါဖတ်ဖို့ ကျန်နေသေးပါလားလို့ ကောင်းကောင်း နားလည်သဘောပေါက်သွားတယ်။
ကိုယ့်ရဲ့လက်ရှိဘဝဟာ ဘယ်အခြေနေမှာပဲ ရောက်နေနေ၊ တစ်နေ့ကျရင် အားလုံးပြီးဆုံးပြီး ကန့်လန့်ကာ ကျလာမှာပါ။
မိသားစုအပေါ် ချစ်မြတ်နိုးကြပါ၊ ခင်ပွန်း ဇနီးအပေါ် ချစ်မြတ်နိုးကြပါ၊ သူငယ်ချင်းတွေအပေါ် မေတ္တာထားပါ၊ အဲဒီအရာတွေကသာလျှင် အဖိုးထိုက်တန်တဲ့ ရတနာ အစစ်ဖြစ်ပါတယ်။ မိမိကိုယ်ကိုလည်း ချမ်းသာစွာနေထိုင်ပါ၊ အခြားသူတွေကိုလည်း ချစ်မြတ်နိုးပါ။
ကျွန်တော်တို့တတွေ အသက်ကြီးလာတာနဲ့အမျှ ပိုချင့်ချိန်တတ်လာပြီး၊ ဘာကို တဖြည်းဖြည်းချင်း သဘောပေါက်လာသလဲဆိုရင် ခင်ဗျားလက်မှာပတ်ထားတဲ့ နာရီဟာ ဒေါ်လာ ၃၀၀ တန်ပဲဖြစ်ဖြစ် ဒေါ်လာ ၃၀ တန် နာရီပဲဖြစ်ဖြစ် နာရီကြည့်လိုက်ရင် အချိန်ကတော့ ဒီအချိန်ကိုပဲ ပြမှာပါ။
ဒေါ်လာ ၃၀၀ တန် ပိုက်ဆံအိတ်ပဲဖြစ်ဖြစ် ၃၀ တန် ပိုက်ဆံအိတ်ပဲဖြစ်ဖြစ် ပိုက်ဆံကတော့ အတူတူပဲ ထည့်လို့ ဆန့်ပါတယ်။
တစ်သိန်းခွဲတန် ကားပဲဖြစ်ဖြစ် သုံးသောင်းတန် ကားပဲဖြစ်ဖြစ် ဒီလမ်းမပေါ်မှာပဲ မောင်းကြရပြီး အချိန်တန်တော့လည်း ဒီခရီးကို ရောက်ကြတာပါ။
ကိုယ်နေတဲ့အိမ်က ၃၀၀၀ စတုရန်းမီတာပဲ ကျယ်ကျယ် ၃၀၀ စတုရန်းမီတာပဲရှိရှိ အထီးကျန်ခြင်း ဆိုတာကတော့ အတူတူပါပဲ။
ကိုယ့်ရင်ထဲက ပျော်ရွှင်မှု အစစ်ကို ကမ္ဘာပေါ်က မည်သည့် ရုပ်ဝတ္ထုပစ္စည်းကမှ မပေးစွမ်းနိုင်ဘူးဆိုတာ သိလာပါလိမ့်မယ်။
လေယာဉ်ပျံစီးတဲ့အခါ ရိုးရိုးတန်းကပဲ စီးစီး၊ ပထမတန်းကပဲ စီးစီး လေယာဉ်ဆင်းရင်တော့ အားလုံးဟာ လေယာဉ်နဲ့အတူ အောက်ကို လိုက်ပါသွားကြရတာပါပဲ။
အခုကျွန်တော်ပြောခဲ့တာတွေကို ခင်ဗျားတို့ သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ကိုယ့်မှာရှိတဲ့ အပေါင်းအသင်းတွေ၊ သူငယ်ချင်းတွေ၊ မောင်နှမတွေ၊ မိသားစုတွေ ဘယ်သူနဲ့ပဲဖြစ်ဖြစ် စကားလက်ဆုံကျစရာရှိရင် ကျပါ၊ ရယ်မောစရာရှိရင် ရယ်မောလိုက်ပါ၊ သီးချင်းတွေ အတူတူ ဆိုလိုက်ကြပါ၊ ဘယ်အကြောင်းအရာကိုပဲဖြစ်ဖြစ် စိတ်ပါလက်ပါ ပြောဆိုလိုက်ကြပါ၊ အဲဒါကသာလျှင် ပျော်ရွှင်မှုအစစ် ဖြစ်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။
comment