ကိုရိုနာဗိုင်းရပ်စ် ဟာ အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း ကူးစက်ပြန့်နိုင်တာကို ဟောင်ကောင်မှာ စစ်ဆေးတွေ့ရှိရပြီးနောက် ရောဂါထိန်းချုပ်ကာကွယ်ရေး ပြုလုပ်ရာမှာ အိမ်မွေးတိရိစ္ဆာန်တွေကိုပါ သတိထားလာကြပါတယ်။
ဖြစ်စဉ်မှာ လူနေရပ်ကွက်တစ်ခုမှ ကိုရိုနာဗိုင်းရပ်စ် အရေးဆောင်ရွက်မှုမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးက Poodle အမျိုးစား ခွေးလေးနှစ်ကောင်ကို ဆွဲပြီး လမ်းလျှောက်ထွက်လာသူတစ်ဦးကို ရောဂါလုံခြုံရေးအရ ခွေးတွေကိုခေါ်ပြီး အိမ်ထဲမှာပဲနေရန် ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် ခွေးပိုင်ရှင်က ဂရုမစိုက်ပဲ ဆက်ပြီးထွက်သွားရာမှ ကတောက်ကဆဖြစ်ပြီး စေတနာ့ဝန်ထမ်းက အနီးရှိ သံတုတ်နဲ့ ခွေးနှစ်ကောင်စလုံးကို ပိုင်ရှင်ဖြစ်သူရဲ့ ရှေ့မှာတင် ရိုက်သတ်လိုက်ပါတယ်။
အခင်းဖြစ်ပွားရာနေရာက စီစီတီဗီရုပ်သံဖိုင်ကို ခွေးပိုင်ရှင်ရဲ့ သူငယ်ချင်းဖြစ်သူက အွန်လိုင်းပေါ်တင်လိုက်ရာ ဝေဖန်သံများ ကျယ်လောင်သွားခဲ့ပြီး ခွေးတွေကို ရိုက်သတ်လိုက်တဲ့ စေတနာ့ဝန်ထမ်းကို ဝိုင်းဝန်း တိုက်ခိုက်ထိုးနှက်ကြပါတော့တယ်။
အဲဒီနောက်မှာတော့ “ကိုယ့်ရဲ့လုပ်ရပ်အပေါ် ဝမ်းနည်းမိကြောင်း၊ ခွေးရဲ့တန်ဖိုးကိုလည်း ခွေးပိုင်ရှင်ကို ပြန်လျော်ပေးသွားပါ့မယ်” ဟု ဆိုကာ အခုဖြစ်စဉ်မှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှာကို စိုးရိမ်မိတဲ့အတွက် ဖြစ်ခဲ့ရတာဖြစ်ကြောင်း၊ ခွေးပိုင်ရှင်ကို အိမ်ပြန်ဖို့ ကောင်းကောင်းမွန်မွန်ပြောခဲ့ပေမယ့် လက်မခံပဲ ခေါင်းမာပြီး ဆက်သွားခဲ့တာကြောင့် ကြံရာမရသည့်အဆုံး အခုလို လုပ်ခဲ့ရတာဖြစ်ကြောင်း ပြန်လည်ရှင်းပြခဲ့ပါတယ်။
ဘာကြောင့်ပဲဖြစ်ဖြစ် အပြစ်မရှိတဲ့ ခွေးလေးနှစ်ကောင်ကတော့ သခင်ရဲ့ ခေါင်းမာမှုကြောင့် မချိမဆံ့ခံစားပြီး သေဆုံးသွားခဲ့ရပါတယ်။
comment