သည်ဘက်ခေတ်မိဘများဟာ သားသမီးတွေကို ချစ်လွန်းလို့ ပညာရေးမှာ ထူးချွန်ရင်ပြီးရောဆိုပြီး အစစအရာရာ အောက်ခြေသိမ်း လိုလေသေးမရှိအောင် နေ့မနားညမအား ဖြည့်ဆည်းပေးတတ်ကြပါတယ်။ ဒါပေမယ့် ကြာလာတဲ့အခါ ကလေးတွေရဲ့ အတွေးထဲမှာ မိဘတွေက အခုလို လိုက်လုပ်ပေးနေတာဟာ မိဘတွေ လုပ်ကိုလုပ်ရမယ့် တာဝန်လို့ စွဲထင်သွားပြီး တစ်ခုခုလစ်ဟာသွားတာနဲ့ မိဘကို မချေမငံပြန်ပြောတာတွေ၊ ဆန့်ကျင်တာတွေ လုပ်တတ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက အသက် ၁၇ နှစ်အရွယ် TH(အမည်လွှဲ) ဟာလည်း ဒီလိုသားသမီးတွေထဲမှာ တစ်ယောက်အပါဝင်ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းက သူမကျောင်းသွားခါနီးမှာ အဝတ်အစားတွေ အဆင်သင့်မပြင်ပေးထားလို့ဆိုပြီး မိခင်ဖြစ်သူရဲ့ ဦးခေါင်းကို ဆောင့်ကန်တာ၊ လက်သီးထိုးတာတွေ ပြုလုပ်ခဲ့ပါတယ်။
သူမဟာ မိခင်ကို အဝတ်အစားတွေ ပြင်ဆင်ဖို့ပြောထားပေမယ့် မိခင်ဖြစ်သူက အိမ်နောက်ဖေးမှာ ချက်ပြုတ်နေရတာကြောင့် အချိန်မီမပြင်ဆင်ပေးလိုက်နိုင်တဲ့အပေါ် သည်းမခံနိုင်တော့ပဲ စကားအချေအတင်များကြရာမှ အကြီးအကျယ်ဒေါသထွက်ပြီး မိခင်ကို ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။ မိခင်ရင် ဦးခေါင်းကို နှစ်ကြိမ်ရိုက်ပြီး လဲကျသွားတဲ့ မိခင်ကို အကြိမ်ကြိမ် ကန်ကျောက်ခဲ့ပါတယ်။
ဒီအဖြစ်ပျက်ကြောင့် မောင်နှမတွေက အိမ်နီးချင်းတွေဆီပြေးပြီး အကူညီတောင်းခဲ့ရာမှ အိမ်နီးချင်းတွေရောက်လာကာ ဖုန်းနဲ့ဗီဒီယိုရိုက်ကူးပြီး ဖျန်ဖြေပေးခဲ့ရပါတယ်။ အဲဒီနောက် ရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။
အဆိုပါရုပ်သံ အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပါတယ်၊ ရုပ်သံမှာ မိခင်ဖြစ်သူက ကြမ်းပြင်ပေါ်မှာ အော်ဟစ်ငိုယိုနေတာကို တွေ့မြင်ရပါတယ်။ ရဲတွေချက်ခြင်းရောက်လာပြီး သမီးဖြစ်သူကို ဖမ်းဆီးကာ စုံစမ်းစစ်ဆေးဖို့အတွက် ရဲစခန်းကို ခေါ်သွားခဲ့ကြောင်း သိရသည်။
comment