လမ်းဆုံလမ်းခွနဲ့ လူစည်ကားရာနေရာတွေမှာ အဝတ်အစား အဟာင်းအစုတ်လေးတွေနဲ့ ညိုးငယ်စွာ လိုက်လံတောင်းစားနေတဲ့ သူတောင်းစားတွေကို မြင်ဖူးကြမှာပါ။ သနားစရာအသွင်ရှိတဲ့ သူတောင်းစားတွေအပေါ် သနားပြီး ပိုက်ဆံပေးကြတဲ့သူတွေရှိသလို လူအချို့ကလည်း “အလုပ်မှလက်ကြောတင်းအောင် မချင်လုပ်တာ၊ တောင်းစားနေရတာ ဘာဆန်းလဲ” လို့ မှတ်ချက်ပေးတတ်ကြပါတယ်။
လောကကြီးမှာ မတူညီတဲ့ လူတန်းစားအလွှာ အသီသီးကွဲပြားနေကြပြီး အားလုံးဟာ နေ့စဉ်စားဝတ်နေရေးအတွက် တစ်ခုမဟုတ်တစ်တော့ ရောင်းချနေကြရတဲ့ အရောင်းသမားတွေချည်းဖြစ်ပါတယ်။ ပညာတတ်တွေက သူတို့တတ်တဲ့ ပညာကိုရောင်းပြီး လခစားလုပ်ကြသလို စီးပွားရေးသမားတွေကလည်း ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေရောင်းချပြီး အသက်မွေးကြပါတယ်။ ဒီလိုပါပဲ သူတောင်းစားတွေဟာ သူတို့ရဲ့ သိက္ခာနဲ့ အရှက်တရားကိုရောင်းပြီး တောင်းစားနေကြတာဖြစ်ပါတယ်။
အလုပ်သဘောအရ စုတ်စုတ်ပြတ်ပြတ် ဝတ်စားပြီး လူတစ်ကာရှေ့မှာ လက်ဝါးလိုက်ဖြန့်ကြရပေမယ့် သူတို့ရဲ့ နေ့စဉ်ဝင်ငွေနဲ့ နောက်ကွယ်က ပိုင်ဆိုင်မှုတွေကတော့ ကျွန်တော်တို့ အားလုံးကို မျက်လုံးပြူးသွားစေပါတယ်။
Simon Wright (ဆိုင်မွန်ရိုက်)
အင်္ဂလန်နိုင်ငံသား ‘ဆိုင်မွန်ရိုက်(Simon Wright)’ ဟာ လန်ဒန်မြို့ရဲ့ အနောက်ပိုင်းမှာနေထိုင်သူဖြစ်ပြီး ဝင်ငွေ အလွန်ကောင်းတဲ့ သူတောင်းစားဖြစ်ပါတယ်။ သူ့ရဲ့ဝင်ငွေဟာ တစ်လမှာ ၄,၁၆၆ ဒေါ်လာ၊ မြန်မာငွေနဲ့ဆိုရင် ကျပ် ၆၃ သိန်း ဝန်းကျင်ရှိပါတယ်။
ဒါ့အပြင် သူ့မှာ ဒေါ်လာ ၃၃၂,၁၃၆ တန်တဲ့ နေအိမ်အခန်း တစ်ခန်းကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ သိန်း ၅ ထောင်ကျော်တန်ပါတယ်။
သူရဲ့လစဉ်ဝင်ငွေနဲ့ ပိုင်ဆိုင်မှုတွေကို လန်ဒန်ရဲတွေက စုံစမ်းသိရှိပြီးနောက်မှာတော့ သူ့ကို လန်ဒန်မြို့တွင်းမှာ တောင်းစားခွင့် ပိတ်ပင်ခဲ့ပါတယ်။ ‘ဆိုင်မွန်(Simon)’ ဟာ လန်ဒန်မြို့ အနောက်ဘက်ပိုင်း နေရာအနှံ့မှာ နေ့စဉ် ၈ နာရီခန့် ပုံမှန်တောင်းစားခဲ့ရာကနေ အခုလောက်ထိ ချမ်းသာတဲ့ အနေအထားကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
Eisha (အီရှာ)
ဆော်ဒီအာရေးဗီးယားနိုင်ငံက ‘အီရှာ(Eisha)’ ဆိုတဲ့ သူတောင်းစားအဘွားကြီး သေဆုံးတော့ သူမကျန်ရစ်ခဲ့တဲ့ ပိုင်ဆိုင်မှုတွေနဲ့ အတွင်းပစ္စည်းတွေက လူတွေအားလုံးကို မျက်လုံးပြူးသွားစေခဲ့ပါတယ်။ သူမဟာ တိုက်ခန်း ၄ ခန်း၊ လက်ဝတ်ရတနာတွေနဲ့ ရွေဒင်္ဂါးတွေအပြင် ဘဏ်စာရင်းထဲမှာ ဒေါ်လာ ၁ သန်းတိတိ ပိုင်ဆိုင်ထားကြောင်း သိခဲ့ရလို့ဖြစ်ပါတယ်။
ချမ်းသာကြွယ်ဝမှုတွေအားလုံးက သူမဘဝတစ်လျှောက်လုံး တောင်းစားပြီး စုဆောင်းထားခဲ့တဲ့ ပိုင်ဆိုင်မှုတွေဖြစ်ပါတယ်။ အသက် ၁၀၀ ပြည့်ပြီး ကွယ်လွန်သွားတဲ့အခါကျမှ သူမရဲ့ ကြွယ်ဝချမ်းသာမှုတွေကို လက်ဖျားခါလောက်အောင် သိခဲ့ရတာဖြစ်ပါတယ်။
Bharat Jain (ဘားရတ်ဂျိန်း)
အာရှတိုက်သား အိန္ဒိယလူမျိုး ‘ဘားရတ်ဂျိန်း(Bharat Jain) လည်း အချမ်းသာဆုံး သူတောင်းစား စာရင်းထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူဟာ နယူးဒေလီမြို့မှာ ရူပီး ၈ သန်းတန် တိုက်ခန်း နှစ်ခန်း ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် တစ်လကို အခန်းငှားခ ရူပီး ၁၀,၀၀၀ ပုံမှန်ရနေတဲ့ ဈေးဆိုင်ခန်းတစ်ခန်းလည်း ရှိပါသေးတယ်။
သူတောင်းစားလုပ်ငန်းကနေ ရလာတဲ့ လစဉ်ဝင်ငွေက ရူပီး ၇၅,၀၀၀ ဖြစ်ပြီး မြန်မာငွေနဲ့ဆိုရင် ၁၆ သိန်းကျော်ရှိပါတယ်။ သူဟာ တစ်ရက်ကို အချိန် ၈ နာရီကနေ ၁၀ နာရီလောက်ထိ လှည့်လည်တောင်းစားရင် ရူပီး ၂,၀၀၀ ကနေ ၂,၅၀၀ ထိ နေ့စဉ်ပုံမှန်ရနေတဲ့ သူတောင်းစားဖြစ်ပါတယ်။
Krishna Kumar Gite (ခရစ်ရှနာ ကူးမာ ဂီတီ)
‘ခရစ်ရှနာ ကူးမာ ဂီတီ (Krisha Kumar Gite)’ ကို သူ့ရဲ့ကြွယ်ဝချမ်းသာမှုတွေကြောင့် သူတောင်းစားလို့ နာမည်တပ်ရမှာတောင် အားနာလှပါတယ်။ ဒါပေမယ့်လည်း သူချမ်းသာသမျှအားလုံးက တောင်းစားရာကနေရတဲ့ ဝင်ငွေမို့ သူဟာလည်း ချမ်းသားတဲ့ သူတောင်းစား စာရင်းဝင်ပါပဲ။
အိန္ဒိယနိုင်ငံမှာ ပညာတတ် အင်ဂျင်နီယာတစ်ယောက်ရဲ့ လစာဟာ ရူပီး ၄၅,၀၀၀ ဝန်းကျင်၊ မြန်မာငွေ ၉ သိန်းခွဲဝန်းကျင်ရှိပါတယ်။ အင်ဂျင်နီယာတစ်ယောက်ဖြစ်လာပြီး ဒီလိုလစာမျိုးရဖို့ဆိုတာကတော့ တစိုက်မှတ်မှတ် ရုန်းကန်ကြိုးစားဖို့လိုပါတယ်။
ဒါပေမယ့် ‘ခရစ်ရှနား’ အတွက်တော့ အင်ဂျင်နီယာတစ်ယောက်ရဲ့ လစာထက်ပိုများတဲ့ဝင်ငွေ လစဉ်ပုံမှန်ရနေပါတယ်။ သူဟာ မွမ်ဘိုင်းမြို့ရဲ့ လမ်းမကြီးတွေပေါ်မှာ လှည့်လည်တောင်းစားရင် တစ်ရက်ကို ရူပီး ၁၅၀၀ ကနေ ၂၀၀၀ အထိ ဝင်ငွေရှိပါတယ်။
Nallasopara (နာလာဆိုပရာ) မြို့မှာ တိုက်ခန်းတစ်ခန်း ပိုင်ဆိုင်ထားတဲ့ ‘ခရစ်ရှနား’ ဟာ အန္ဒိယမှာရှိတဲ့ ပညာတတ် အသိုင်းအဝိုင်းက လူတချို့ရဲ့လစာပမာဏထက်တောင် ပိုများလို့ နေပါသေးတယ်။
Malana Khan (မာလနာ ခန်း)
‘မာလနာ ခန်း (Malana Khan)’ ဟာ အသက် ၆၀ ဝန်းကျင် သူတောင်းစား အဘိုးအိုတစ်ဦးပါ။
သူ့ရဲ့နေ့စဉ် လုပ်နေကျအလုပ်က အဝတ်အစားအိတ်လေးဆွဲပြီး တောင်းစားမယ့် နေရာကို သုံးဘီး ဆိုင်ကယ်ငှားစီးကာ သွားလေ့ရှိပါတယ်။ တောင်းစားရမယ့် နေရာရောက်တဲ့အခါကျမှ သူတောင်းစား ယူနီဖောင်းကိုလဲပြီး သူရဲ့ တစ်နေ့တာအလုပ်ကို စတင်ပါတော့တယ်။
တောင်းစားတဲ့ အလုပ်ချိန် ၈ နာရီလောက် ပြည့်ပြီဆိုတော့မှ သူလာခဲ့တဲ့နေရာကို ပြန်သွားပါတယ်။ အဲဒီနောက် အဝတ်အစားတွေလဲပြီးမှ စမတ်ကျကျနဲ့ နေအိမ်ကို ပြန်လေ့ရှိပါတယ်။ ‘မာလနာ ခန်း’ ရဲ့ လစဥ်ဝင်ငွေက အန္ဒိယ ရူပီး ၃ သန်းရှိပြီး မွန်ဘိုင်းမြို့ အနောက်ဘက် ‘အန်ဒေရီ’ မှာလည်း တိုက်ခန်း တစ်ခန်း ပိုင်ဆိုင်ထားပါသေးတယ်။
Sambhaji Kale (ဆမ်ဘာဂျီး ကာလေး)
‘ဆမ်ဘာဂျီး ကာလေး’ ဟာ သူတောင်းစား စီးပွားရေသမားတစ်ယောက် ဖြစ်ပါတယ်။ သူဟာ တောင်းစားလို့ရတဲ့ ပိုက်ဆံတွေကို စီးပွားရေးလုပ်ငန်းအချို့မှာ ရင်းနှီးမြုပ်နှံတဲ့ ပထမဆုံး သူတောင်းစား ဖြစ်လို့ပါပဲ။ မိသားစု ၄ ယောက်ရှိတဲ့ ‘ဆမ်ဘာဂျီး’ ဟာ လူချမ်းသာတွေသာ အများဆုံးနေထိုင်တဲ့ ဗီရာမြို့မှာ တိုက်ခန်းတစ်ခန်း ပိုင်ဆိုင်ထားရုံသာမက ဆိုလာပူမြို့မှာလည်း အိမ်နှစ်အိမ်နဲ့ ခြံကွက်တစ်ကွက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ မွမ်ဘိုင်းမြို့ရဲ့ ခါစီရင်စုမှာ လှည့်လည်တောင်းစားရင်း တစ်ရက်ကို ရူပီး ၁,၀၀၀ ကနေ ၁,၅၀၀ ဝန်းကျင် ဝင်ငွေရှိနေတဲ့ သူကြွယ် သူတောင်းစား စီးပွားရေးသမားတစ်ယောက် ဖြစ်ပါတယ်။
ဒါကြောင့် တောင်းစားတဲ့သူတွေတိုင်းဟာ မရှိဆင်းရဲသူတွေ မဟုတ်ကြပဲ သူတို့ရဲ့နောက်ကွယ်မှာ ကျွန်တော်တို့အားလုံး မမြင်နိုင်တဲ့ ဇာတ်လမ်းတွေရှိနေတာ အသအေချာပဲဖြစ်ပါတယ်။
comment