ကမ္ဘာပေါ်က အသက်အရှည်ဆုံး ဆိုတဲ့လူမျိုးတွေထဲမှာ ဂျပန်တွေလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ ဂျပန်တွေ အသက်ရှည်ရတဲ့ အဓိကလျှို့ဝှက်ချက်ကတော့ သူတို့ရဲ့ နေ့စဉ်အစားအသောက် ပုံစံကြောင့်ဖြစ်ပါတယ်။ ဂျပန်တွေရဲ့ ရိုးရာဓလေ့ အစားအသောက်တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်တာကြောင့် အသက်ရှည်စေရေးနဲ့ ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ အလွန်အကျိုးထူး ရရှိစေတာဖြစ်ပါတယ်။
ဂျပန်လူမျိုးတွေလည်း အစားအသောက်နဲ့ ပက်သက်ရင် ခေတ်ကာလအလိုက် ပြောင်းလဲမှုတွေ ရှိလာတာကို မှတ်တမ်းတွေထဲမှာ တွေ့ရပါတယ်။ အပိုင်းအခြားအရ ပြောရမယ်ဆိုရင် ၁၉၇၅ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်လောက်ထိ ရိုးရာအတိုင်း ချက်ပြုတ်ပြင်ဆင် စားသောက်မှုရှိနေခဲ့ပြီး ၁၉၉၀ နောက်ပိုင်းမှာတော့ ရိုးရာဓလေ့အတိုင်း စားသောက်မှုပုံစံကနေ အနောက်တိုင်းယဉ်ကျေးမှု သြဇာလွှမ်းမိုးမှုရှိလာကာ ပြင်ဆင်ချက်ပြုတ်တဲ့ပုံစံနဲ့ ပါဝင်ပစ္စည်းတွေလည်း အပြောင်းလဲရှိလာခဲ့ပါတယ်။
အနောက်တိုင်းပုံစံလွှမ်းမိုးမှု နည်းပါတဲ့ ၁၉၇၅ - ၁၉၉၀ ခုနှစ် ကာလတွေမှာဆိုရင် သူတို့ရဲ့ အစားအစာတွေမှာ တိရိစ္ဆာန်တွေ့ရဲ့ အဆီပါဝင်မှု နည်းပါးတဲ့အတွက် အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ အသည်းအဆီဖုံးရောဂါတွေ ဖြစ်ပွားမှုက အလွန်နည်းပါးတာကိုတွေ့ရပါတယ်။ အဲဒီခေတ်က အစားအသောက်တွေဟာ အသင့်စား အစာတွေ၊ စည်သွပ်ဗူးတွေ၊ တာရှည်ခံအောင် ပြုပြင်ပြောင်းလဲထားတဲ့ အစားအသောက်တွေထက်စာရင် လက်ဆက်တဲ့ အစားအစာတွေကိုပဲ အဓိကထားပြီး စားသုံးခဲ့တာကိုတွေ့ရပါတယ်။
၁၉၇၅ ခုနှစ်ရဲ့ စားသောက်မှုပုံစံမှာ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ ရေညှိ၊ ဟင်းခက်အမွှေးအကြိုင်တို့က အဓိက ပင်မအစားအစာတွေ ဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ သကြားဓါတ်ပါတဲ့ အချိုရည်၊ အအေး၊ ဖျော်ရည်တွေကို အဲဒီခေတ်က သောက်ကြတာ နည်းပါးနေပါသေးတယ်။
ဒါကြောင့်မို့ ဂျပန်လူမျိုးတို့ရဲ့ ၁၉၇၅ ဝန်းကျင်က အစားအသောက်တွေဟာ ကျန်းမာရေးနဲ့ အမှန်အကန်ညီညွတ်ပြီး အသက်ရှည်စေတဲ့ စားသောက်မှုပုံစံဖြစ်လို့ ဖော်ပြပေးလိုက်ရပါတယ်။
၁။ စားသောက်မယ့် တစ်နပ်စာမှာ (ကာဘိုဟိုက်ဒရိတ်၊ အဆီ၊ ပရိုတင်း၊ သတ္တုဓါတ်၊ ဗီတာမင်) စတဲ့ အာဟာရ ၅ မျိုး စုံလင်စွာ ပါရှိရမည်။
၂။ တစ်နပ်စာအတွက် ပြင်ဆင်ချက်ပြုတ်ရာမှာ ဟင်းအမယ်စုံနေဖို့လည်း လိုပါတယ်။ ဂျပန်လူမျိုးတွေရဲ့ ထမင်းဝိုင်းမှာ ဟင်းပွဲဟင်းရံ သေးသေးလေးတွေ အများကြီးရှိနေတာကို ကြည့်ဖြင်းအားဖြင့် တစ်မျိုးထဲကို များများစားတာထက် အမယ်စုံကို နည်းနည်းစီ စားတတ်ကြတာကို သတိထားမိပါလိမ့်မည်။
၃။ အစားအသောက်တွေကို ဆီတွေနဲ့ ချက်စားတာထက် ပေါင်းတာ၊ ပြုတ်တာ၊ မီးကင်တာ၊ အစိမ်းလိုက် စသည့်နည်းလမ်းတွေနဲ့ ပိုပြီးစားလေ့ရှိကြပါတယ်။
၄။ ပရိုတင်း(အသားဓါတ်) ရဖို့အတွက် ငါး၊ တိုဟူး၊ ပဲအမျိုးမျိုးနဲ့ မှို စတာတွေကို ပိုပြီးစားသောက်ကြပါတယ်။
၅။ ဗီတာမင်နဲ့ အခြားအာဟာရဓါတ်တွေ စုံစုံလင်လင်ရရှိအောင် အရောင်သွေးစုံလင်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားကြပါတယ်။
၆။ ဟင်းခတ်မှုန့်တွေထက် သဘာဝကရတဲ့ အသားငါး၊ ဟင်းသီးဟင်းရွက်တွေနဲ့ အရသာရှိအောင် ချက်ပြုတ်ပြင်ဆင်ပါတယ်။ (ဥပမာ ငါးခြောက်နဲ့ စွတ်ပြုတ်လုပ်တာ၊ ရေညှိစွတ်ပြုတ်)
၇။ သဘာဝကနေ ထုတ်လုပ်ထားတဲ့ အရသာစစ်စစ်များဖြစ်တဲ့ မီဆိုစွပ်ပြုတ်၊ ပဲငံပြာရည်၊ မိရင်ရှာလကာရည်၊ စာကေးအရက် အစရှိတာတွေကို မပါမဖြစ် စားသောက်ကြပါတယ်။
ဖော်ပြပါ စားသောက်မှုပုံစံတွေကတော့ ဂျပန်ရိုးရာဓလေ့ စားသောက်မှုများဖြစ်ပြီး ဒီလျှို့ဝှက်ချက်တွေကြောင့်ပဲ ဂျပန်လူမျိုးတွေ အသက်ရှည်ရှည်နေထိုင်ရခြင်းဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ် ဂျပန်ရိုးရာ စားသောက်မှု ပုံစံကိုအတိုင်း မြန်မာအစားအသောက်တွေကို စီစဉ်စားသောက်နိုင်မယ်ဆိုရင်တော့ အသက်ရှည်ကျန်းမာမှာ မုချဖြစ်ပါကြောင်း ဖော်ပြပေးလိုက်ပါသည်။
comment