၂၀၁၉ တစ်နှစ်တာ အကောင်းဆုံးအသင်း ရွေးချယ်ရာတွင် (၄-၂-၄) ကစားကွက်ဖြင့် ရွေးချယ်ခဲ့ပြီး ဂျူဗင်တပ်စ် တိုက်စစ်မှူး ရော်နယ်ဒိုလည်းပါဝင်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်များက (၄-၃-၃) ကစားကွက်ဖြင့်သာ အများဆုံးရွေးချယ်ခဲ့ကြပြီး ယခုနှစ်မှာ တိုက်စစ် ၄ ယောက်ပါဝင်ခဲ့ပြီး(၄-၂-၄) ကိုရွေးချယ်ခဲ့ပါတယ်။ UEFA က (၄-၂-၄)ကစားကွက်မှာ ရွေးချယ်မှု အလွန်နည်းပါးတဲ့ ကစားကွက်လည်း ဖြစ်ပါတယ်။
ယခုနှစ်အတွက် ဆန္ဒမဲကောက်ခံရာမှာ တိုက်စစ်မှူးနေရာတွင် ဦးစားပေး( ၁ )အဖြစ် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၊ (၂) အဖြစ် လီဗာပူးလ် တောင်ပံ တိုက်စစ်ကစားသမား မာနေနှင့် (၃)အဖြစ်ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးတို့က ဦးဆောင်ခဲ့ပြီး ရော်နယ်ဒိုက စတုတ္ထနေရာတွင်သာ ရပ်တည်နိုင်ခဲ့ပါတယ်။
UEFA က (၄-၂-၄)ကစားကွက်ကို အသုံးပြုခဲ့တာကြောင့် ကွင်းလယ်ကစားသမားတစ်ဦး ဖယ်ထုတ်ခံခဲ့ရပါတယ်။ ဖယ်ထုတ်ခံရသော ကွင်းလယ်ကစားသမားမှာ ချယ်လ်ဆီးကွင်းလယ်လူ ကွန်တေဖြစ်ပါတယ်။ ဒါကြောင့် UEFA၏ ရွေးချယ်မှုအပေါ် ပရိတ်သတ်တွေက ဝေဖန်ခဲ့ကြပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။
UEFA ၏ ပြောရေးဆိုခွင့်ရှိသူက “ ဒီနှစ်ရဲ့ ကစားကွက်ရွေးချယ်မှုက UEFA က ကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲတွေမှာ အောင်မြင်မှု ရရှိတဲ့ကစားသမားတွေအပေါ် ပရိတ်သတ်ရဲ့ မဲပေးရွေးချယ်မှု ဖြစ်ပါတယ်။ ကစားကွက်မှာ ချန်ပီယံလိဂ်ဆုဖလားပိုင်ရှင်(၅)ဦးနဲ့ UEFA Nations League ဗိုလ်လုပွဲရောက်(၄)ဦး တို့ကို ရွေးချယ်ခဲ့တာဖြစ်ပြီး စီရော်နယ်ဒိုက ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ပုံမှန်အခြေအနေသာဖြစ်ပြီး ခြွင်းချက်မရှိပါဘူး။” လိုဆိုပြီး ဖြေရှင်းခဲ့ပါတယ်။
ဝေဖန်သူတွေကတော့ ရော်နယ်ဒိုကို အားပေးတဲ့ ဖန်တွေအများကြီးရှိတဲ့အတွက် သူ့ကို မဖြစ်မနေ ထည့်သွင်း လိုက်ရတယ်လို့ ပြောဆိုဝေဖန်နေကြပါတယ်။ UEFA ဟာ နောက်ဆုံး ၆ နှစ်တာကာလမှာ(၄-၃-၃) ကစားကွက်ကိုသာ အသုံးများခဲ့ပြီး ၂၀၁၇ ခုနှစ် တစ်နှစ်ထဲသာ (၄-၄-၂) ကို အသုံးပြုခဲ့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
comment