1. Home
  2. Movie Stars - Celebrity

Lyme ဆိုတဲ့ ရောဂါတစ်မျိုးကိုခံစားနေရကြောင်း ထုတ်ပြောလိုက်တဲ့ Justin Bieber

Movie Stars - Celebrity ม.ค. 14, 2563 view 1,613

ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့အသဲကျော် Justin Bieber ကတော့ အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အဆမတန်တဲ့ အောင်မြင်ကျော်ကြားမှုတို့ကို ရရှိပိုင်ဆိုင်ခဲ့တဲ့ အဆိုတော်တစ်ဦးပါ။ ကမ္ဘာတစ်ဝှမ်းမှာ ပရိသတ်အင်အားအများဆုံး ရရှိပိုင်ဆိုင်ထားတဲ့ JB ကတော့ ဇနီးဖြစ်သူ Hailey နဲ့လက်မထက်မှီကတည်းက အနုပညာပိုင်းမှာ အတော်လေးငြိမ်ချက်သားကောင်းနေခဲ့ပြီး သီချင်းအသစ်တစ်ပုဒ်တစ်လေမျှသာ ထွက်ရှိခဲ့တာပါ။ သို့ပေမယ့် Fan တွေကတော့ JB သီချင်းဆိုရင် တစ်ပုဒ်ဆိုရင်တစ်ပုဒ်ဆိုသလောက်ကို ဝန်းရံအားပေးနေကြဆဲပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

လက်ရှိမှာတော့ JB က “Yummy” ဆိုတဲ့ သီချင်းသစ်တစ်ပုဒ်ကိုထွက်ရှိထားပြီး နိုင်ငံတစ်ကာ Billboard Chart မှာ နံပါတ်တစ်နေရာကို ရရှိခဲ့ပါတယ်။ ထို့အတွက်ကြောင့်လဲ သူ့ကိုအားပေးသူပရိသတ်တွေကို ကျေးဇူးတင်စကားဆိုထားပါတယ်။ အရင်က ဖြူဖြူသန့်သန့်ပုံစံနဲ့ ခပ်ချောချောကောင်လေးအဖြစ်ကနေ လက်ရှိမှာ JB လို့တောင် ထင်ရက်စရာမရှိအောင် ပုံစံတွေပြောင်းလဲလာတဲ့ Justin Bieber ကို တစ်ချို့ပရိသတ်တွေက ဆေးစွဲနေတဲ့ ဆေးသမားဆိုပြီးလှောင်ပြောင်ပြောဆိုမှုတွေ ပြုခဲ့ပါတယ်။

ဒီလိုပြောဆိုချက်တွေနဲ့ပတ်သက်ပြီး JB က သူဟာ ပိုးကောင်ကိုက်ခံရပြီးနောက် ဘက်တီးရီးယားပိုးကြောင့်ဖြစ်လာတဲ့ Lyme ဆိုတဲ့ ရောဂါတစ်မျိုးကို ခံစားနေရတာဖြစ်ကြောင်း သူ့ရဲ့ Instagram ကနေ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“လူတစ်ချို့က ငါ့ကို ဆေးစွဲသမားနဲ့တူတယ်လို့ ပြောဆိုနေကြတယ်။ ဒါပေမဲ့ အမှန်တကယ် ငါ့မှာ Lyme ရောဂါနဲ့ Chronic Mono ရောဂါ ခံစားနေရတယ်ဆိုတာကို သူတို့ မသိကြဘူး။ ဒီရောဂါက အရေပြား၊ ဦးနှောက်ရဲ့ စီမံခန့်ခွဲမှု၊ ခွန်အားနဲ့ တစ်ခြားသော ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို ထိခိုက်စေတယ်။ အခုတော့ ကုသမှုကို ခံယူနေတယ်” လို့ ဆိုထားပါတယ်။

JB ရဲ့ထုတ်ဖော်ပြောဆိုမှုအပြီးမှာ လူမှုကွန်ယက်သုံးစွဲကြသူ တစ်ချို့က သူ့ကိုစနောက်​ပြောဆိုမှုတွေပြုခဲ့ကြပြီး ‘ဒါဟာစနောက်စရာကိစ္စတစ်ခုမဟုတ်ပဲ အားပေးစကားသာပြောသင့်တယ်’လို့ ဇနီးဖြစ်သူ Hailey က တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် JB ကို အားပေးစကားပြောခဲ့ကြတဲ့ သူမရဲ့သူငယ်ချင်းတွေဖြစ်တဲ့ Bella Hadid နဲ့ GiGi Hadid တို့ကိုလဲ ကျေးဇူးတင်စကားပြောထားတာကို တွေ့ရပါတယ်။

Bella နဲ့ GiGi တို့ညီအစ်မနှစ်ယောက်ရဲ့ မိခင်ဖြစ်သူ Yolanda Hadid ကလဲ JB နဲ့အလားတူရောဂါမျိုးဖြစ်ခဲ့ဖူးတယ်လို့ သိရပြီး ကမ္ဘာကျော် Punk အဆိုတော်မလေး Avril Lavigne ဟာလဲ Lyme ရောဂါကို ဆိုးဆိုးရွားရွားခံစားခဲ့ရသူ တစ်ယောက်ဖြစ်ပါတယ်။ Avril Lavigne ဟာ ဒီ Lyme ရောဂါကို ကုသဖို့နည်းလမ်းရှာဖွေရန် The Avril Lavigne Foundation ကိုလည်း ဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်။

Centers for Disease Control and Prevention ရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံတွင် တစ်နှစ်မှာ အဆိုပါ Lyme ရောဂါဖြစ်ပွားသူ (၃) သိန်းကျော်ထိရှိတယ်လို့ဆိုပါတယ်။ ရောဂါလက္ခဏာအနေနဲ့ ခန္ဓာကိုယ်မှာ အနီကွက်လေးတွေထလာပြီး မောပန်းလွယ်ကာ အဖျားရှိနေတတ်တာဖြစ်ပါတယ်။ ဒီရောဂါလက္ခဏာတွေဟာ ပိုးကောင်ကိုက်ခံရပြီး ၃ ပတ်အတွင်းမှာ ဖြစ်ပေါ်လာတက်ပေမယ့် ကုသနည်းမှာ ပုံသေနည်းမရှိသေးဘူးလို့ ဆိုပါတယ်။ တချို့လူနာတွေမှာ ပိုးသတ်ဆေး (၃) ပတ်သောက်ပြီး ပျောက်ကင်းနိုင်သလို တချို့ကတော့ နှစ်နဲ့ချီပြီးကြာတက်တယ်လဲလို့ သိရပါတယ်။

 

(ပိုပိုလေး)



Follow us on