1. Home
  2. Special or Others

SEA Games မှာ ရွှေတံဆိပ် မမက်မောပဲ ရေနစ်သူကိုဆင်းကယ်ခဲ့တဲ့ အားကစားသမား

Special or Others ธ.ค. 09, 2562 view 1,784

ဖိလစ်ပိုင်နိုင်ငံမှာ လက်ရှိကျင်းပနေဆဲ SEA Games 2019 မှာ ရေလွှာလျှောစီးအားကစားနည်း ယှဉ်ပြိုင်နေစဉ် ဖိလစ်ပိုင်ကစားသမားက ပန်းဝင်ရန်နီးကပ်နေပြီး ပထမဆု ရွှေတံဆိပ်ဆုဆွတ်ခူးရန်သေချာနေသော်လည်း ပြိုင်ပွဲကထွက်ကာ ရေနစ်နေသူကို ဆင်းကယ်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဖိလစ်ပိုင်ကစားသမား Roger Casugay က ရေလွှာလျောစီး ယှဉ်ပြိုင်နေစဉ် သူ၏ပြိုင်ဘက် အင်ဒိုနီးရှားကစားသမား Arip Nurhidayat ဟာ ကြီးမားတဲ့ ရေလှိုင်းကြီး ရိုက်ခံရပြီးနောက် ရေလွှာလျောစီးဘုတ်ပြားပေါ်ကနေ ပြုတ်ကျကာ ဘုတ်ပြားနဲ့ခြေထောက် တွဲချီထားတဲ့ ကြိုးလည်း ပြတ်သွားခဲ့ပါတယ်။

ဒီအဖြစ်ပျက်ကို မြင်လိုက်တဲ့ Roger ဟာ ပန်းဝင်ခါနီးဖြစ်ပေမယ့် နောက်ပြန်လှည့်ကာ ရေနစ်နေတဲ့ Arip ကို အသက်ကယ်တင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ဘုတ်ပြားပေါ်မှာ နှစ်ယောက်သားတက်စီးကာ ကမ်းခြေကို ပြန်လာနိုင်ခဲ့တဲ့အတွက် အသက်ဘေးမှ လွတ်သွားခဲ့ပါတယ်။ ဖိလစ်ပိုင်တွင် ကမ်မူရီတိုင်ဖုန်းမုန်တိုင်း ဝင်ရောက်နေတဲ့အတွက် ရေလှိုင်းများက အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် ရေလွှာလျောစီးပြိုင်ပွဲကို စီစဉ်သူတွေက ရွေ့ဆိုင်းလိုက်ကြပါတယ်။

ဖိလစ်ပိုင်ကစားသမား Roger က အားကစားသမားတစ်ယောက်ရဲ့ စိတ်ဓါတ်နဲ့ ပြိုင်ဘက်ပင်ဖြစ်နေသော်ငြားလည်း ရွှေတံဆိပ်ကို စွန့်လွှတ်ကာ လူသားဆန်တဲ့ နှလုံးသားကို ပြသနိုင်ခဲ့ပါတယ်။ အင်ဒိုနီးရှားကစားသမား Arip က Roger ရဲ့လက်ကိုကိုင်မြှောက်ပြီး အနိုင်ရတဲ့သူရဲကောင်းအဖြစ် ဂုဏ်ပြုခဲ့ကြောင်း Fox Sport သတင်းတွင် ပါရှိသည်။



Follow us on