1. Home
  2. Movie Stars - Celebrity

Myanmar Idol TOP 7 ထဲက သုံးဦးသာ ဂုဏ်ထူးထွက်

Movie Stars - Celebrity พ.ย. 29, 2562 view 1,686

သီချင်းဆိုပြိုင်ပွဲတွေဆိုရင် ရိုးအီနေလို့ မကြည့်တော့ပါဘူးဆိုတဲ့ ပရိသတ်တွေတောင် Myanmar Idol ရဲ့ ပဥ္စမမြောက် Live Show ယှဉ်ပြိုင်မှုကို မနေ့ညက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြရပါတယ်။ တစ်ချိန်တစ်ခါက သူတို့ချစ်ခဲ့ရတဲ့၊ စွဲလန်းခဲ့ကြရတဲ့၊ မကြားရတာကြာပြီဖြစ်တဲ့ ပြည်သူချစ် အဆိုတော် တေးရေးဆရာ ‘စိုးလွင်လွင်’ ရဲ့ သီချင်းများနဲ့ ယှဉ်ပြိုင်သီဆိုကြမှာမို့ လူကြီးပိုင်း၊ လူလတ်ပိုင်း ပရိသတ်တွေအားလုံးရဲ့ ရင်ခုန်သံတွေ ပြန်လည်လန်းဆန်းလာပြီး မျှော်လင့်တကြီးနဲ့ စောင့်မျှော်အားပေးခဲ့ကြပါတယ်။

‘စိုးလွင်လွင်’ ရဲ့ သီချင်းတွေဟာ လွယ်မယောင်နဲ့ခက်ပြီး၊ ခံစားချက်အစစ်တွေကနေ ထွက်ကျလာတဲ့ စကားလုံးတစ်လုံးခြင်းစီနဲ့ ရေးစပ်သီဆိုထားတဲ့ သီချင်းတွေမို့ သီဆိုတဲ့နေရာမှာ ခံစားသက်ဝင်မှု အားကောင်းမှသာ သီချင်းရဲ့ ရသကို အပြည့်အဝ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

မနေ့ညက TOP 7 ရဲ့ သီဆိုယှဉ်ပြိုင်မှုအပြီးမှာတော့ ‘စိုးလွင်လွင်’ သီချင်းများ week ကို ပြိုင်ပွဲဝင် ၃ ဦးကပဲ ဂုဏ်ထူးမှတ်နဲ့ အောင်မြင်ဖြတ်ကျော်နိုင်ခဲ့ပြီး ကျန်တဲ့သူတွေကတော့ ကပ်အောင်တယ်ဆိုရုံ အဆင့်သာရှိတယ်လို့ ပရိသတ်တွေကြားမှာ ပြောဆိုဝေဖန်မှုတွေ မြင့်တက်လာပြန်ခဲ့ပါတယ်။ ဒါကတော့ ယှဉ်ပြိုင်မှုအပတ်စဉ် တစ်ပတ်ပြီးတိုင်း ဖြစ်နေကြ Myanmar Idol ရဲ့ ဓလေ့တစ်ခုလိုတောင် ဖြစ်နေပါပြီ။

ဂုဏ်ထူးထွက်ခဲ့သူ ၃ ဦးကတော့ ‘အေးမြဖြူ’ ၊ ‘Esther’ နဲ့ ‘ရောကီး’ တို့ပဲဖြစ်ပါတယ်။

အစီစဉ်ရဲ့ ပွဲဦးထွက်မှာ သီဆိုခဲ့တဲ့ ‘အေးမြဖြူ’ က စိုးလွင်လွင် ကိုယ်တိုင် ရေးစပ်သီဆိုထားတဲ့ “ချစ်သူစိတ်ကူး” သီချင်းမှာ သီဆိုသွားခဲ့တဲ့ စတိုင်က ခပ်ပျော်ပျော်လေး ဖြစ်နေတာကလွဲရင် သီချင်းကို ကိုယ်ပိုင်အသံ ပါဝါအပြည့်နဲ့ အဆိုပညာကို ပြသနိုင်ခဲ့တာမို့ ဂုဏ်ထူးမှတ်လေး ကပ်ရသွားခဲ့ပါတယ်။

‘Esther’ ရဲ့ အလှည့်မှာတော့ သီချင်းမဆိုခင်ကတည်းက ခံစားချက်တွေ အပြည့်ဖြည့်ထားနှင့်ပြီး ဖြစ်နေပါပြီ။ လှေကားထစ်လေးတွေမှာ ထိုင်ချလိုက်ပြီး ‘မင်းကလေးနဲ့ စကားပြောဖြစ်တဲ့ အချိန်အခါတွေတိုင်း ဝိုး..ဝို..’ လို့ စပြီး ဆိုလိုက်ကတည်းက ပရိသတ်တွေနဲ့ ဒိုင်လူကြီးတွေ ကြက်သီးဖျန်းဖျန်း ထသွားလောက်အောင် နားကြောထဲကို စိမ့်အေးပြီး စီးဝင်သွားခဲ့ပါတယ်။

"စိုးစိတ်တိုးတိတ်လွမ်းချိန်" ဆိုတဲ့ သီချင်းတစ်ပုဒ်လုံးမှာ မူရင်းသီချင်းရဲ့ တန်ဖိုးတစ်ပြားသားမှ မလျော့အောင် သီဆိုသွားနိုင်ခဲ့သလို ကိုယ်ပိုင်စတိုင် ကိုယ်ပိုင်ဆိုပေါက်တွေကိုလည်း လိုအပ်တဲ့နေရာမှာ လိုအပ်သလောက်သာ ကွက်တိ လှလှပပလေး ကွန့်သွားနိုင်ခဲ့လို့ ‘Esther’ ကတော့ အမှတ်အပြည့်နဲ့ ဂုဏ်ထူးထွက်သွားခဲ့ပါတယ်။

အွန်လိုင်းပေါ်မှာ ပရိသတ်အချို့ရဲ့ တိုက်ခိုက်ဝေဖန်မှုတွေ ခံနေရတဲ့ ‘ရောကီး’ က ဒီအဆင့်ထိသူရောက်လာတယ်ဆိုတာ ထိုက်တန်လို့ ဆိုတာကို မနေ့ညက ပြသသွားခဲ့ပါတယ်။ မတင်ဇာမော် ပြောနေကြအတိုင်းဆိုရင်တော့ ‘ရောကီး’ အစစ်ကို မနေ့ညက ပြန်တွေ့လိုက်ရပါတယ်။

တေးရေး အောင်ခိုင်မော် ရဲ့ လက်ရာ ‘ရင်ဆိုင်စရာစွမ်းအားမရှိတော့လို့ပါ’ သီချင်းကို ‘ရောကီး’ က Rock mood အပြည့်ထည့်ပြီး သီချင်းတစ်ပုဒ်လုံးကို သူ့ပုံစံဖြစ်အောင် သိမ်းပိုက်သီဆိုသွားခဲ့တာဟာ စာမေးပွဲမေးခွန်းကို စာအုပ်ထဲကအတိုင်း ကျက်ဖြေတာမဟုတ်ပဲ ကိုယ်ပိုင်အယူအဆနဲ့ အဖြေမှန်ရေးချသွားသလိုမျိုး နောက်ထပ်ပုံစံရသအသစ်တစ်ခုကို ခံစားလိုက်ရတဲ့အတွက် ထိုက်ထိုက်တန်တန် ဂုဏ်ထူးထွက်သွားခဲ့ပါတယ်။

‘Benjamin Sum’ ကတော့ ‘စိတ်ဖြေသီချင်း’ ဆိုတဲ့ သီချင်းကောင်းလေး ရခဲ့ပေမယ့် သူ့သီချင်းဆိုတိုင်း ဖြစ်လေ့ရှိတဲ့ ခံစားသက်ဝင်မှုက Over ဖြစ်နေတာကို တွေ့ရပါတယ်၊ ဒါ့အပြင် ဆရာဥက္ကာဦးသာ မှတ်ချက်ပေးခဲ့သလို စကားလုံးပီသမှုလည်း အားနည်းပြီး အသံတုန်ခါမှု Effect တွေ၊ အစွဲအငင်တွေကို ဖြည့်သွားတာ သီချင်းနဲ့ လိုက်ဖက်မှု သိပ်မရှိလှပါဘူး၊ ဒါသည်ပင်ကလျှင် ‘Benjamin Sum’ ရဲ့ ခွဲထွက်ချင်တဲ့ ပုံစံဖြစ်ကောင်းလည်း ဖြစ်နေနိုင်ပါတယ်။

‘ငယ်ငယ်တုန်းထက်ပိုချစ်မယ်’ ဆိုတဲ့ 'Htet Inzali' ကတော့ မနေ့ညက Safe zone ထဲမှာပဲ သီဆိုသွားခဲ့ပါတယ်။ ဒိုင်လူကြီးတွေကိုယ်တိုင်က ဒီထက်ပိုလုပ်လို့ရသေးတယ်လို့ အားမလိုအားမရနဲ့ ကွန်မန့်ပေးခဲ့ကြပါတယ်။ သူမရဲ့ သီဆိုမှုက ဒီတစ်ပတ်မှာ သာမန်ပဲဖြစ်လို့ ပရိသတ်တွေပေးတဲ့ အမှတ်မှာ ကပ်အောင်တဲ့ အနေအထားပဲနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

ပြိုင်ပွဲတစ်ခုလုံးမှာ တစ်ကြိမ်သာသုံးခွင့်ရတဲ့ ဒိုင်လူကြီးတွေရဲ့ SAVE နဲ့ Top 7 ထိ ရောက်လာခဲ့တဲ့ ‘နော်စေးစေးထူး’ ဟာ မနေ့ကညမှာတော့ ကိုယ်ပိုင်အရည်အသွေးတွေ ပျောက်ဆုံးသလို ဖြစ်နေပါတယ်။ ‘တစ်ချက်လောက်တော့ငဲ့ကြည့်သင့်ပါတယ်’ ဆိုတဲ့ သီချင်းက ‘နော်စေးစေးထူး’ အတွက် အများကြီး အခက်အခဲတွေ မရှိနိုင်ပါဘူး၊ ဒီထက်မက အများကြီး ဆိုနိုင်မယ်လို့ ယုံကြည်ပါတယ် ဒါပေမယ့် မပျော်ရွှင်သလိုဖြစ်နေတဲ့ ‘နော်စေးစေးထူး’ ဟာ သူမနဲ့ လုံးဝမလိုက်ဖက်တဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားရလို့ စိတ်အနှောက်အယှက်များဖြစ်နေသလားလို့ ခံစားနေမိပါတယ်။

လတ်တလောမှာ ကိုယ်ရေးကိုယ်တာ စိတ်ခံစားချက်တွေများနေတဲ့ ‘မူးလာ’ ကို ‘ကိုယ်ချစ်’ ဆိုတဲ့ သီချင်းလေးနဲ့ လက်ရှိခံစားချက်နဲ့ လိုက်ဖက်မယ်လို့ ထင်ခဲ့ပြီး အများကြီးမျှော်လင့်ခဲ့တာ အမှန်ပါ။ ဒါပေမယ့် တစ်ကယ်သီဆိုတဲ့အချိန်မှာတော့ သီချင်းက သူ့ကိုပြန်ပြီးချုပ်ထားသလိုမျိုး ဖောက်ထွက်လို့မရတဲ့ အခြေအနေနဲ့ ရုန်းကန်နေရတယ်လို့ ခံစားခဲ့မိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Top 7 ထိ ရောက်လာပြီဆိုမှတော့ ဆီမီးပရော်ဖက်ရှင်နယ် တစ်ယောက်လို သီချင်းတစ်ပုဒ်ကို မယိုင်လဲသွားအောင် ကောင်းကောင်း ထိန်းကျောင်းနိုင်ခဲ့ပါတယ်။

မနေ့ညက သီဆိုယှဉ်ပြိုင်မှုတွေ အားလုံးကို ခြုံကြည့်ရင် ‘စိုးလွင်လွင်’ ရဲ့ သီချင်းတွေ အားလုံး မပျက်ဆီးသွားအောင် တန်ဖိုးထားပြီး သီဆိုနိုင်ခဲ့ကြပါတယ်။

ပြိုင်ပွဲဝင်တွေအပေါ် ဘယ်လိုပဲ သုံးသပ် မှတ်ချက်ပေးပေး နောက်ဆုံးမှာ ပရိသတ်ရဲ့ voting နဲ့သာ အဆုံးအဖြစ် ပေးတာဖြစ်လို့ ဒီနေ့ သောကြာနေ့ည Result Show မှာတော့ ဘယ်သူတွေက အမှန်တစ်ကယ် ဂုဏ်ထူးထွက်သွားမလဲ? ဘယ်သူက နှုတ်ဆက်ထွက်ခွာသွားရမလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။ ပြိုင်ပွဲဝင်တစ်ဦးခြင်းစီနဲ့ ဖန်များအားလုံးကို လေးစားပါတယ်။



Follow us on