ကိုလိုနီနယ်ချဲ့ လက်အောက်ခံဘဝ ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၅ ရက်(တန်ဆောင်မုန်းလပြည့်ကျော် ၁၀)ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားများက ရန်ကုန်တက္ကသိုလ်အက်ဥပဒေမူကြမ်းကို သပိတ်မှောက် ဆန္ဒပြခဲ့ကြရာမှ အစပြုကာ “အမျိုးသားနေ့”ဟူသော သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်သည် တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး အမျိုးသားတော်လှန်ရေးကြီးအသွင် ပြောင်းလဲသွားကာ မြန်မာနိုင်ငံလွပ်လပ်ရေး ရဖို့အတွက် မျိုးချစ်စိတ်များ၊ သူ့ကျွန်မခံလိုစိတ်များ သန္ဓေတည် မွေးဖွားပေးခဲ့သော တော်လှန်ရေးကြီး တစ်ရပ်ဖြစ်ခဲ့သည်။
ထိုခေတ်ကာလက အင်္ဂလိပ်တို့သည် သူတို့၏လက်အောက်ခံ ကိုလိုနီနိုင်ငံများကို နှစ်ရှည်လများ ကျွန်ပြုရန် ရည်ရွယ်ပြီး ကျောင်းများ၌ အင်္ဂလိပ်အုပ်ချုပ်ရေးကို အကျိုးပြုစေမည့် ပညာများကိုသာ ကွက်ကြား သင်ပေးရုံသာမက လူတိုင်း တက္ကသိုလ်မတက်နိုင်အောင် ဥပဒေများနဲ့လည်း ကန့်သတ်ထားပြီး ပညာရေးအဆင့်ကို နိမ့်ပါးအောင် စီစဉ်ထားကြသည်။
၁၉၂၀ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့သော တက္ကသိုလ်အက်ဥပဒေကြမ်းတွင် ဖော်ပြထားသော အဓိကအချက်များတွင် ယူနီဘာစီတီဟူ၍ ဗမာနိုင်ငံတွင် ဤတကျောင်းသာ ရှိရမည်၊ ယင်းယူနီဘာစီတီ၏ အောက်တွင်လည်း ကောလိပ် တကျောင်းသာ ရှိရမည်၊ ယင်းကောလိပ်နှင့် တက္ကသိုလ် တည်ရာသည်လည်း ရန်ကုန်တွင်သာ ဖြစ်ရမည် စသည်ဖြင့် ပညာရေးကို မလိုလားအပ်သော အချက်များနဲ့ ကန့်သန့်တားမြစ်ထားသဖြင့် အဆိုပါဥပဒေမူကြမ်းကို တက္ကသိုလ်ကျောင်းသားများက အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။
သို့သော် ဘုရင်ခံ “ဆာရယ်ဂျီနယ်ကရက်ဒေါက်” က မြန်မာများသည် ပညာရေးအကြောင်းနားမလည်ဟု ဆိုကာ ၁၉၂၀ ဒီဇင်ဘာ ၂ ရက်နေ့တွင် ယင်းအက်ဥပဒေကို အတည်ပြုကြောင်း ကြေညာခဲ့သည်။
ထိုနေ့မှာပင် ကောလိပ်ကျောင်းသားများ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်တွင် တက်ရောက်စုဝေးကာ ဆွေးနွေးတိုင်ပင်ခဲ့ပြီး သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ဒီဇင်ဘာလ ၅ ရက် (တန်ဆောင်မုန်းလပြည်ကျော် ၁၀ ရက်)နေ့တွင် ဥပဒေပါပြဌါန်းချက်များကို ကန့်ကွက်ကြောင်း ကြေညာချက်တစ်စောင် ဘုရင်ခံထံသို့ ပေးပို့ခဲ့ကြသည်။ ဘုရင်ခံက အကြောင်းပြန်ကြားခြင်းမပြုသည့်အတွက် ကျောင်းသားများက ဂျီစီဘီအေ ခေါင်းဆောင်များနဲ့ တိုင်ပင်ကာ အမျိုးသားကျောင်းများကို တည်ထောင်ခဲ့ကြသည်။
ဗဟန်းမြို့နယ် ရွှေကျင်ကျောင်းတိုက်ကြီးတွင် အမျိုးသားကောလိပ်ကို ဖွင့်လှစ်ခဲ့ကာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို တို့က စေတနာ့ဝန်ထမ်းအဖြစ် ဝင်ရောက်သင်ကြားပေးသည်။ အမျိုးသားကျောင်းများတွင် မြန်မာ့သမိုင်းနှင့် မြန်မာစာကို အလေးထား၍ သင်ကြားပေးသည်။ အမျိုးသားရေး အစဉ်အလာများကို တန်ဖိုးထားတတ်အောင်၊ ကျွမ်းကျင်တတ်မြောက်အောင် ဖော်ထုတ်သင်ကြားပေးသဖြင့် ယင်းပညာရေးကို သခင်ပညာရေး ဟုခေါ်ဝေါ်သုံးနှုန်းခဲ့ကြသည်။
ထိုမှတစ်ဆင့် အမျိုးသားကျောင်းများ မြန်မာတစ်နိုင်ငံလုံးတွင် ပေါ်ထွက်လာခဲ့ပြီး အမျိုးသားပညာရေးကောင်စီကိုပါ ဖွဲ့စည်းနိုင်ခဲ့သည်။
၁၉၂၁-ခု မန္တလေး၌ ကျင်းပသော နဝမအကြိမ်မြောက် ဂျီစီဘီအေ ကွန်ဖရင့်က အမျိုးသားနေ့အဖြစ် သတ်မှတ်နိုင်ရန် ဆွေးနွေးခဲ့ကြရာ သီပေါမင်း ပါတော်မူသည့်နေ့၊ ဆရာတော်ဦးဥတ္တမ ထောင်ကျသောနေ့၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကျောင်းသားများ သပိတ်မှောက်သောနေ့တို့ထဲမှ တစ်နေ့နေ့အား အမျိုးသားနေ့အဖြစ် သတ်မှတ်မည်ဟု အကြမ်းသဘောတူထားခဲ့ကြသည်။
ထို့နောက် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ /၁၈ တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ကျင်းပေသော ဂျီစီဘီအေ အထူးကွန်ဖရင့်က ၁၉၂၀ ပြည့်၊ ရန်ကုန်တက္ကသိုလ်ဥပဒေကို ကျောင်းသားများ သပိတ်မှောက်သော တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်ကို အမျိုးသားနေ့ဟု သတ်မှတ်ကြောင်း ဆုံးဖြတ်၍ အတည်ပြုခဲ့ကြရာမှ “အမျိုးသားနေ့” ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
အမျိုးသားနေ့ (သို့မဟုတ်) အမျိုးသားအောင်ပွဲနေ့ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့အဖြစ် မြန်မာပြက္ခဒိန်ရက်စွဲကိုသာ အတည်ထားပြီး ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ အမျိုးသားနေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ် တရားဝင်သတ်မှတ်ကာ ထိုနေ့ရောက်တိုင်း အမျိုးသားရေးစိတ်ဓာတ်၊ ညီညွတ်ရေးစိတ်ဓာတ်များ ရှင်သန်လာစေဖို့ ဆန္ဒပြုရင်း အမျိုးသားနေ့အား လှိုက်လှဲစွာ ဦးညွတ်ဂုဏ်ပြုလိုက်ရပါသည်။
(ပိုပိုလေး)
ကိုးကား - မြန်မာဝီကီပီးဒီးယား
ဓါတ်ပုံ - အင်တာနက်
comment