1. Home
  2. Movie Stars - Celebrity

Rock Week မှာ ထူးထူးခြားခြား ဂုဏ်ထူးထွက်သွားခဲ့တဲ့ Benjamin Sum

Movie Stars - Celebrity พ.ย. 08, 2562 view 1,674

မြန်မာတစ်နိုင်လုံး မျှော်လင့်စောင့်စားနေကြတဲ့ Myanmar Idol Top 10 (rock week) Live ဖျော်ဖြေတင်ဆက်မှုကြီးကို ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့မှာ ပြိုင်ပွဲဝင်တစ်ဦးချင်းစီရဲ့ သူမတူနဲ့ ဖျော်ဖြေတင်ဆက်မှုတွေနဲ့အတူ ကျင်းပပြုလုပ်သွားခဲ့ပြီပဲဖြစ်ပါတယ်။ Top 10 စာရင်းဝင်ရောက်သွားတဲ့ ပြိုင်ပွဲဝင် တစ်ဦးတစ်ယောက်ချင်းစီရဲ့ သူတို့ကာရိုက်တာနဲ့ မတူညီကွဲထွက်နေတဲ့ Rocke စတိုင်တွေနဲ့ သီဆိုသွားဟန်တွေကိုပရိတ်သတ် သိမြင်ခံစားကြည့်ရှုခဲ့ပြီးဖြစ်ပါတယ်။

Top 10 ပြိုင်ပွဲဝင်တွေထဲက ချင်းလူမျိုး အသက် ၁၈ နှစ်အရွယ် ကောင်လေး Benjamin Sum ကတော့ Rock Week မှာအကယ်ဒမီ ကျော်ဟိန်းရဲ့ ‘သွားမယ် မတားနဲ့’ သီချင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်လာပါတယ်။ Benjamin Sum ဟာ ပြီးခဲ့တဲ့ Top 11 Finalists ဖျော်ဖြေတင်ဆက်မှုတုန်းက ထူးအိမ်သင်ရဲ့ ‘နေကောင်းလား မေမေ’ သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့‌ပြီး low key နဲ့ high key အကူးအပြောင်းမှာ အနည်းငယ် ချွတ်ချော်တာလေးတွေ ရှိသွားခဲ့တဲ့အတွက် ဒိုင်လူကြီးတွေ အနေနဲ့ Benjamin ကို စိတ်ပူခဲ့ကြပါတယ်။

 ‘သွားမယ် မတားနဲ့’ သီချင်းမှာ Benjamin က အရမ်းမြင့်တဲ့ high note တွေကို ဆိုဖို့လိုတာကြောင့် မမော်က “သား အရင်အပတ်တွေတုန်းက High note တွေကိုဆိုတဲ့ အခါမျိုးမှာ အနောက်လှည့်ပြီးဆိုတာတွေ ကြုံခဲ့ဖူးတယ်နော် ဟို green mile တို့ဘာတို့ မတိုင်ခင်တုန်းကလေ အခုကျတော့ သားက ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်လေးနဲ့ ကြိုးစားသွားကိုလည်း တွေ့တယ် မောင်လေး အရင်တုန်းက စိုးရိမ်နေတာတွေ ပျောက်သွားပြီဆိုတာကို ရှင်းရှင်းလင်းလင်းမြင်ရတယ်” ဆိုပြီး ဒိုင်လူကြီးထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ မတင်ဇာမော်က မှတ်ချက်ပေးသွားပါတယ်။

မဖြူကတော့ Rock Week မှာ အကောင်းဆုံးဖျော်ဖြေတင်ဆက်သွားနိုင်ခဲ့တဲ့ Benjamin ကို “ဖြူဖြူကျော်သိန်းပေါက်စလေးကို မြင်နေရသလိုပဲ အဲ့ဒီ (စတိတ်) ပေါ်မှာ ရူးသွပ်နေတာ” ဆိုပြီး ပြောသွားပါတယ်။ ပြိုင်ပွဲဝင် Benjamin ဟာ အရင်တုန်းက အကယ်ဒမီ ကျော်ဟိန်းရဲ့ ‘သွားမယ် မတားနဲ့’ ကို သီချင်းရဲ့ မူရင်း အရသာမပျောက်စေသလို သူ့ရဲ့ ကိုယ်ပိုင်ဟန်လေးကိုလည်း မပျောက်စေတာကို တွေ့ရတာကြောင့် “I’m really proud of you ဂုဏ်ထူးထွက်တယ်” ဆိုပြီး ဒိုင်လူကြီးတွေထဲ တစ်ယောက်အပါအဝင်ဖြစ်တဲ့ အဆိုတော် ဖြူဖြူကျော်သိန်းက မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဒိုင်လူကြီးထဲက ဝါအရင့်ဆုံး အသက်အကြီးဆုံး ဦးအောင်ကိုလတ်ကလည်း Benjamin ကို “မင်းက အမျိုးမျိုးသက်ဝင်လို့ရတဲ့အတွက် မင်းရဲ့ ရူးသွပ်မှုဟာ အစိမ်းရောင်နဲ့တွေ့ရင် အစိမ်းအတိုင်းသက်ဝင်လိုက်တယ် နှင်းဆီပန်းလေးနဲ့တွေ့ရင် နှင်းဆီပန်းလေးလို ဝင်စားလိုက်တယ် ဒီနေ့ည မင်းက မင်းရဲ့ rock ပန်းလေးတွေနဲ့အတူ ဝင်စားလိုက်တယ်” ဆိုပြီး ပြောသွားခဲ့ပါတယ်။

Benjamin ‘သွားမယ် မတားနဲ့’ သီချင်းကို စတိတ်ပေါ် မဖျော်ဖြေခင်တုန်းက အာသီးရောင်ခဲ့ပြီး လည်ချောင်း အနည်းငယ် နာနေခဲ့ပေမယ့် high note တွေကို အမှားနည်းနည်း (ချွတ်ချော် တိမ်းစောင်းမှု နည်းနည်း) နဲ့ ‘သွားမယ် မတားနဲ့’ ဆိုတဲ့ သီချင်းခေါင်းစဉ်နဲ့လိုက်အောင် သီဆိုသွားနိုင်ခဲ့ပါတယ်။

(ပိုပိုလေး)

 

 

 



Follow us on