ကျွန်တော်တို့ နေ့စဉ်နေထိုင်နေတဲ့ လူနေမှုဘဝမှာ ဘာတွေကို တန်ဖိုးထားနေသလဲ? ဘာတွေကို အဓိကထားပြီး အာရုံစိုက်နေတယ်ဆိုတာ ပြောရသာ လွယ်တာ ဒါကို ဂရုထားမိဖို့ အင်မတန်မှ ခက်ခဲတဲ့ ကိစ္စရပ်တစ်ခုပါ။ “မင်းထင်တာကြီးကတော့ မှားနေတယ် မဟုတ်သေးပါဘူး၊ ဒီလိုယူဆကြရင်မကောင်းဘူးလား” ဆိုပြီး အနည်းနဲ့အများ ပြောခံကြရဖူးမှာပါ။ လူဆိုတာ တစ်ဦးနဲ့ တစ်ဦးထင်မြင်ယူဆချက်တွေ မတူညီကြရာက ညှိနှိုင်းရခက်ခဲတာမျိုးတွေ ရှိလာတတ်ပါတယ်။ တန်ဖိုးထားမှုတွေ ယုံကြည်မှုတွေ မခိုင်မာတဲ့အခါ လူဟာပြိုလဲတတ်ပါတယ်။ ဒီတော့ ကိုယ့်ယုံကြည်ရာကို ကာကွယ်ဖို့ကြိုးစားရင်းက အငြင်းပွားမှုတွေဖြစ်ပွားလာပြီး မခေါ်နိုင်မပြောနိုင်တော့တဲ့အထိ ဖြစ်လာကြပါတယ်။ ဒါဟာ မိမိယုံကြည်ချက်ကို မှားသလား၊ မှန်သလားဆိုပြီး သံသယဝင်မိတဲ့အချိန်မှာ ဖြစ်တတ်တဲ့ စိတ်အပိုင်းအခြားလေးတစ်ခုပဲဖြစ်ပါတယ်။ တန်ဖိုးထားမှုတွေ မခိုင်မာရတဲ့အကြောင်းအရင်း၊ ယုံကြည်ချက်တွေ မခိုင်မာရတဲ့အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ?
လူဆိုတာ မိခင်တစ်ဦးတည်းက မွေးဖွားလာတဲ့ မောင်နှမအရင်းအချာတွေတောင် တွေးခေါ်မှုပုံစံချင်း မတူနိုင်ကြပါဘူး။ ခံယူချက်ကိုယ်စီရှိကြတဲ့ထဲကမှ မိမိခံယူချက်က မှားသလား၊ မှန်သလား၊ ကောင်းသလား၊ ဆိုးသလားဆိုတာ စိတ်သဘောထားချင်းမတိုက်ဆိုင်သူတစ်ယောက်ယောက်နဲ့ စကားပြောပြီးရင် သံသယစိတ်လေး ကိုယ်စီဝင်တတ်ကြပါတယ်။ ဒီလို သံသယဝင်တာဟာ ဆိုးတဲ့ ကိစ္စရပ်မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ သဘောတရားအရ self-awareness (မိမိကိုယ်ကိုယ် သတိပြုမိခြင်း) ဆိုတဲ့ အရာတစ်ခု သင့်ဦးနှောက်ထဲမှာ အလိုအလျောက်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒီလိုမှမဟုတ် မိမိကိုယ်ကိုယ် သံသယစိတ်မဝင်ဘဲ မိမိသာအမှန်၊ မိမိလုပ်တာသာ အကောင်း၊ သူများလုပ်တာဟာ အဆိုးလို့ ထင်မြင်ယူဆနေသူတွေကတော့ self-awareness မရှိခြင်း (သတိမရှိခြင်း) လို့ ယူဆရပါတယ်။
တစ်စုံတစ်ယောက်ကများ သင့်ကို မကောင်းပြောလိုက်ရင် သင့်အနေနဲ့ ဥပေက္ခာပြုဖို့ ခက်ခဲမှာအမှန်ပါပဲ။ ဥပေက္ခာမှာ နှစ်မျိုးနှစ်စားရှိပါတယ်။ မကျေနပ်လို့ ဥပေက္ခာပြုလိုက်တာလား၊ ဒါမှမဟုတ်ကျေကျေနပ်နပ်ကြီး ဥပေက္ခာပြုလိုက်တာလား ဆိုတာပါပဲ။ ကျေနပ်လို့ လက်ခံလို့ ဥပေက္ခာပြုလိုက်တာဟာ သူပေးတဲ့အပူကိုမယူတာ သူ့ကို ကရုဏာသက်တာ ၊ မကျေနပ်လို့ ဥပေက္ခာပြုတာဟာ ကရုဏာမသက်ပဲ ဒေါသကိုအခြေခံတဲ့စိတ်၊ ပြဿနာဘက်ကို ဦးတည်နေတဲ့ စိတ် သာဖြစ်ပါတယ်။ ယုံကြည်ချက်မခိုင်မာရင် ကရုဏာစိတ်ထားဖို့ အင်မတန်မှ ခက်ခဲပါတယ်။ ကရုဏာစိတ်မထားတဲ့အခါ ဥပေက္ခာလွယ်လွယ်နဲ့မပြုနိုင်တော့ပါဘူး။ ဒါကိုအတင်းကြီး ဥပေက္ခာပြုထားလိုက်တဲ့အခါ မခေါ်နိုင်မပြောနိုင်တွေဖြစ်၊ ဆက်ဆံရေးတွေ ပျက်ပြားကြရုံသာရှိပါတယ်။ ဒါဟာ မိမိကိုယ်တိုင်ရဲ့ အတ္တကြောင့်အဖြေကို မရောက်ရှိပဲ ပြဿနာထဲရောက်ရှိသွားတာဖြစ်ပါတယ်။ ယုံကြည်ချက်က ဘာလို့မခိုင်မာရသလဲ? မိမိယုံကြည်ချက်ဟာ မှားသလား၊ မှန်သလား? မိမိမှန်တယ်လို့ ယူဆထားတဲ့အရာကရော သူတစ်ပါးအတွက် မှန်ကန်နေသလားဆိုတဲ့ သံသယစိတ်က စတင်လာတာဖြစ်ပါတယ်။
ကိုယ်တိုင် မှန်တယ်လို့ ယူဆထားတဲ့အကြောင်းအရာတွေဟာ သဘောထားချင်းမတူတဲ့လူနဲ့ စကားပြောကြည့်တဲ့အခါ လုံးဝဥဿုံ မှန်မနေဘူးလို့ သံသယဝင်ကောင်းဝင်ပါလိမ့်မယ်။ ‘ငါယူဆတာတွေ မှားယွင်းနေသလား၊ ဒါမှမဟုတ်သူကပဲမှားနေသလား’ ဆိုပြီး ဖြစ်ဖူးကြမှာပါ။ ဒီလို အတွေးမျိုးဝင်လာတိုင်း မိမိယူဆချက်ကို အရင်ဆုံးခွဲခြမ်းစိတ်ဖြာကြည့်ပါ။ တစ်ပါးသူရဲ့ ယူဆချက်နဲ့ နှိုင်းယှဉ်တာမျိုး မပြုလုပ်မိပါစေနဲ့။ မိမိတွေးခေါ်ယူဆချက်တွေက ‘မိမိတစ်ဦးကောင်းကျိုးအတွက်လား၊ လူအများကောင်းကျိုးအတွက်လား’ ဆိုတာကို အရင်ဆုံးဖြတ်ရမှာပါ။ ‘အများကောင်းကျိုး၊ ကိုယ့်ကောင်းကျိုးဆိုတဲ့’ စကားပုံအတိုင်း အနီးနားမှာရှိတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ကောင်းပေးတာဟာ ကိုယ်တိုင်အတွက်လဲအကျိုးရှိသလို နှစ်ဦးနှစ်ဖက်အဆင်ပြေသွားစေမယ့် win-win situation ပါပဲ။ အများကောင်းကျိုးရှေးရှုတာဟာ ဘာမှပြန်မရဘူးဆိုရင်တောင် အနည်းဆုံးတော့ ကိုယ်တိုင်စိတ်ချမ်းသာရပါတယ်၊ အေးချမ်းရပါတယ်။ ဒါကြောင့် မိမိခံယူချက်က လူအများအတွက်စေတနာပါနေသလား၊ မိမိလုပ်နေတဲ့အလုပ်ပေါ်မှာ စေတနာထားသလား ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ သင့်ခံယူချက်ဟာ လူအများကောင်းကျိုးအတွက် အမှန်တကယ် ရှေးရှုနေတယ်ဆိုရင်တော့ လူတွေကို ပြန်လည်ဝေမျှလိုက်ပါ။
Double-Paing(ပိုပိုလေး)
comment