1. Home
  2. International News

ရိုင်ဖယ်သေနတ်တပ် ဒရုံးယာဉ်ပျံ လေယာဉ်ငယ်များကိုပါ တိုက်ခိုက်နိုင် (ရုပ်သံ)

International News เม.ย. 01, 2562 view 1,991
မောင်းသူမဲ့လေယာဉ်အငယ်စား(ဒရုန်း) နည်းပညာတွေ မြင့်မားလာတာနဲ့အမျှ လူသားအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နိုင်သလို တစ်ဖက်ကလည်း လူ့အသက်တွေကို လုပ်ကြံသတ်ဖြတ်နိုင်တဲ့ အန္တရာယ်ကလည်း တစ်နေ့တခြား ခြိမ်းခြောက်လာနေပါတယ်။
 
 
ရုရှားနိုင်ငံက တီထွင်ထားပြီး မိတ်ဆက်ပေးလိုက်တဲ့ ဒရုန်းတစ်ခုဟာ AK47 ရိုင်ဖယ်သေနတ်ကို ပျံသန်းနိုင်အောင် ပြုလုပ်ထားပြီး အဝေးထိန်းခလုပ်နဲ့ပဲ ပစ်မှတ်ကို မှန်အောင် ပစ်နိုင်တာကို ရုပ်သံမှာ တွေ့ရပါတယ်။ ရိုင်ဖယ်ဒရုန်းဟာ လေယာဉ်ပျံအသေးစားတွေကို ပစ်ချနိုင်တယ်လို့ ဆိုပါတယ်။
 
 
ရုပ်သံမှာတော့ မိုးပျံပူဖေါင်းကို လွှတ်တင်ခဲ့ပြီး ရိုင်ဖယ်ဒရုန်းက နောက်ကနေ လိုက်ပျံတက်သွားကာ လေထဲမှာပဲ ပူဖေါင်းကို တစ်ချက်ထဲနဲ့ ထိမှန်အောင် ပစ်ပြခဲ့ပါတယ်။ ဒီဒရုန်းကို ရုရှားစစ်တပ်ကို လက်နက်ပစ္စည်းထောက်ပံ့ပေးနေတဲ့ ကန်ထရိုက်တာ Almaz Antey က တရားဝင် မူပိုင်ခွင့် မှတ်ပုံတင်နိုင်ခဲ့ပါတယ်။
 
 
ရိုင်ဖယ်ဒရုန်းဟာ မိနစ် ၄၀ ကြာ ဆက်တိုက်ပျံသန်းနိုင်ပြီး မောင်းနှင်သူကတော့ မျက်နှာမှာတပ်ဆင်ရတဲ့ မြင်ကွင်းကရိယာကို ဝတ်ဆင်ထားရပါတယ်၊ အဲဒီကရိယာနဲ့ပဲ လိုချင်တဲ့ ပစ်မှတ်ကို ချိန်ရွယ် ပစ်ခတ်နိုင်တယ်လို့ စစ်ရေးသတင်းတွေ ဖော်ပြတဲ့ ဖောက်စထရောက်အယ်လ်ဖာ သတင်းဌါနက ဖော်ပြထားပါတယ်။
 
 
ဒီဒရုန်းကို ၂၀၁၆ ခုနှစ်လောက်ထဲက စတင်တည်ထွင်ခဲ့တာပါ။ ရိုင်ဖယ်သေနတ်က မီတာ ၃၀၀ အကွာအဝေးမှာရှိတဲ့ ပစ်မှတ်ကို ကျည်ဆံအချက်ပေါင်း ၆၀၀ ပစ်ခတ်နိုင်တဲ့အတွက် သွေးပျက်စရာကောင်းလောက်အောင် အန္တရာယ်များပါတယ်။ 
 
ရုရှားနိုင်ငံက ထူဆန်းတဲ့ဒရုန်းတွေကို မကြာခဏ ထုတ်ပြလေ့ရှိပြီး ရိုင်ဖယ်သေနတ်တပ်ဆင်ထားပြီး ရေအောက်ထဲမှာ သွားနိုင် ပစ်ခတ်နိုင်တဲ့ ဒရုန်းတစ်ခုကို မနှစ်တုန်းကလည်း ထုတ်ပြခဲ့ပါသေးတယ်။
 


Follow us on