တစ်ခေတ်တစ်ခါက ဂီတလောကထဲမှာ နာမည်ကြီးလူကြိုက်များကြတဲ့ ၀ါရင့်အဆိုတော်ကြီး အောင်ရင်ကတော့ လက်ရှိမှာ မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ကျနေတဲ့ သားဖြစ်သူမိုးအောင်ရင်အတွက် ပူဆွေးသောကရောက်လို့နေပါတယ်။ မိသားစုအမှတ်တရ ငယ်ဘ၀ပုံရိပ်လေးတွေကို ပြန်ကြည့်ရင်း သားဖြစ်သူအပါအ၀င် နိုင်ငံခြားမှာ ပညာသင်နေတဲ့သမီးနဲ့ ဆုံးပါးသွားပြီဖြစ်တဲ့ မိခင်တို့ကိုပါ သတိရကြောင်းရင်ဖွင့်လာတာဖြစ်ပါတယ်။
ငယ်ဘ၀က သားနဲ့ သမီးဖြစ်သူနဲ့အတူ ကိုယ်တိုင်သင်္ကန်းစီးကာ မိသားစုလိုက် ရဟန်းဝတ်တုန်းကပုံရိပ်တွေကို လွမ်းဆွတ်သတိရစွာ ဖော်ပြခဲ့တာကိုလည်းတွေ့ရသလို သား၊သမီးနဲ့ မိခင်ကြီးတို့ကို သတိရမိကြောင်းကို ဦးအောင်ရင်က သူ့ရဲ့ဖေ့စ်ဘွတ်မှာ ယခုလိုပဲရေးသားထားခဲ့ပါတယ်။
“သားနဲ့သမီး နွေရာသီကျောင်းပိတ်ရက် ပဏ္ဏိတာရာမကျောင်းမှာ ယဉ်ကျေးလိမ္မာသင်တန်း ဒုတိယအကြိမ်တက်တုန်း သင်္ကန်းစီးတဲ့ ပုံလေးတွေ… အလွမ်းပြေ ပြန်ကြည့်မိတယ် သားနဲ့သမီးရော ဆုံးသွားတဲ့ မယ်မယ်ရော သတိရတယ်” ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေကတော့ ဖခင်တစ်ယောက်ရဲ့ခံစားချက်တွေကို ခံစားနားလည်ရသလို မိုးအောင်ရင်အတွက်လည်း စိတ်မကောင်းဖြစ်နေကြကာ အယူခံဝင်ထားတာလဲ ရလဒ်ကောင်းတွေဖြစ်လာစေဖို့ ၀ိုင်းဆုတောင်းပေးထားကြပါတယ်။
သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှုတို့နဲ့ နိုင်ဝင်ဘာ ၂၆ ရက်နေ့က ပုစွန်တောင်တရားရုံးကနေ အလုပ်နဲ့ထောင်ဒဏ် (၅) နှစ်ချမှတ်ခဲ့ပါတယ်။ ဒီဇင်ဘာလ (၁၂) ရက်နေ့မှာတော့ ခရိုင်တရားရုံးကနေ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ထောင်ဒဏ် (၁၂) နှစ်ထပ်မံချမှတ်လိုက်တာကြောင့် စုစုပေါင်း ထောင်ဒဏ် (၁၇) နှစ်ကျခံရမှာဖြစ်ပါတယ်။ သားဖြစ်သူရဲ့ များပြားလှတဲ့ထောင်ဒဏ်ကြောင့် ဦးအောင်ရင်က ဒီဇင်ဘာ (၂၇) ရက်နေ့မှာ အယူခံဝင်ခဲ့ကာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှာတော့ အယူခံကို အပြီးသတ်အမိန့်ချမယ်လို့ သိရပါတယ်။ ပရိသတ်ကြီးကလည်း မိုးအောင်ရင်အတွက် ရလဒ်ကောင်းတွေဖြစ်လာစေဖို့ ၀ိုင်းဆုတောင်းပေးလိုက်ကြပါဦးနော်။
comment