Miss Myanmar World 2018 ရဲ့ Winner ဖြစ်သူ အလှမယ်ဟန်တီတစ်ယောက် ဥရောပကိုခရီးမသွားခင်လေးမှာ သူမကိုယ်တိုင် ကြိုးစားရေးဆွဲထားတဲ့ ပုံတူပန်းချီလေးကို အေးနေ၀င်းကို အမှတ်တရလက်ဆောင်အဖြစ်သွားရောက်ပေးခဲ့ပါတယ်။ ကိုယ်တိုင်အားထုတ်ပြီး ရေးဆွဲထားတဲ့လက်ဆောင်လေးမို့ နှစ်သက်သဘောကျမိကြောင်းကိုတော့ အေးနေ၀င်းက သူ့ရဲ့ဖေ့စ်ဘွတ်ကနေ တင်ခဲ့တာဖြစ်ပါတယ်။
ထိုပို့စ်လေးတင်ပြီးပြီးချင်း မကြာခင်မှာပဲ အွန်လိုင်းသုံးစွဲသူပရိသတ်တွေကြား အမျိုးမျိုးအထွေထွေ ဝေဖန်မှုတွေထွက်ပေါ်လာကာ ဆူညံပွက်လောရိုက်ခဲ့ပါတယ်။ ခင်မင်မှုသံယောဇဉ်ကြောင့် သဘောရိုးဖြင့်သာ လက်ဆောင်ပေးခဲ့တာဖြစ်ပေမယ့် ပရိသတ်တွေကတော့ ဟန်တီနဲ့ အေးနေ၀င်းရည်စားတွေဖြစ်နေကြပြီလားဆိုပြီး ဝေဖန်ခဲ့တာပဲဖြစ်ပါတယ်။ လူမှုကွန်ယက်မှာ ဝေဖန်မှုတွေမျိုးစုံထွက်ပေါ်လာတာကြောင့် ဟန်တီတစ်ယောက် သူမရဲ့ဖေ့စ်ဘွတ်ကနေ အေးနေ၀င်းကို ပုံတူပန်းချီလက်ဆောင်ပေးရခြင်းနဲ့ပတ်သက်ပြီး ရှင်းလင်းလိုက်ပါတယ်။
ဟန်တီပြောထားတာကတော့ “လူတိုင်းကိုရိုးသားပွင့်လင်းစွာ ခင်မင်တတ်သော ဟန်တီနှင့်မေမေတို့ကြောင့် ယခုအခါတွင် ပရိသတ်များကြား အထင်အမြင်လွဲမှားနေသော အကြောင်းတစ်ခုကို ဖြေရှင်းပါရစေ… ဟန်တီ ပန်းချီဆွဲတတ်သည်ကိုသိရှိသည့် ပို့စ်တင်သည့်ကာယကံပိုင်ရှင် ဟန်တီ့ပရိသတ်တစ်ဦးမှ မွေးနေ့လက်ဆောင်အဖြစ် ပုံတူပန်းချီဆွဲပေးရန် တောင်းဆိုခဲ့သဖြင့် လွန်ခဲ့သော ၂ နှစ်က အချိန်အားလပ်သဖြင့် ဆွဲပေးထားသောပုံလေးကို အခါအခွင့်ကြုံ၍ ယခုခရီးသွားခါနီးမှ ပေးဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ ဟန်တီနှင့် သာမန်ခင်မင်သည့် မိတ်ဆွေတစ်ဥိးသာဖြစ်ပြီး မည်သို့မျှပတ်သက်ခြင်းမရှိပဲ ပရိသတ်များထင်ယောင်ထင်မှားဖြစ်ခြင်းခံရသည့်အတွက် စိတ်ပင်ပန်းနွမ်းနယ်ရပါသောကြောင့် ဟန်တီနှင့် မည်သို့မျှဆက်နွယ်ခြင်းမရှိပဲ ဖေ့စ်ဘွတ်ပေါ်တွင်ပင် ခင်မင်ရင်းနှီးခြင်းမရှိတော့ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။” ဆိုပြီး သေသေချာချာ ရှင်းလင်းရေးသားလိုက်တာပဲဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း အခုလောက်ဆို အထင်အမြင်တွေရှင်းသွားလောက်ပါပြီနော်…
comment