1. Home
  2. Special or Others

အရုပ်တွေနဲ့ကစားရင်း သန်းကြွယ်သူဌေး ဖြစ်လာတဲ့ (၇)နှစ်အရွယ် ကလေးငယ်

Special or Others ธ.ค. 05, 2561 view 1,929

အသက် ၇ နှစ် နဲ့ သန်းကြွယ်သူဌေး ဖြစ်လာတယ်..!?

OMG ဖြစ်နိုင်ပါ့မလား..? ဒီလောက်အသက်အရွယ်လေးနဲ့ ဘာတွေလုပ်ပြီးများ သန်းကြွယ်သူဌေး ဖြစ်လာတာပါလိမ့်လို့ လူတိုင်း မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်ကြမှာ အမှန်ပါပဲ။

Ryan ဆိုတဲ့ ကလေးငယ်ဟာ အသက် ၇ နှစ်သာ ရှိသေးပေမယ့် သူ့ရဲ့တစ်နှစ်ဝင်ငွေက အမေရိကန်ဒေါ်လာ ၂၂ သန်း ရှိနေပါတယ်။ သူဟာ ဘာစီးပွားရေးမှ မလုပ်ပဲ အိမ်မှာမိသားစုတွေနဲ့အတူ အရုပ်ပေါင်းစုံနဲ့ ဆော့ကစားနေရင်း သန်းကြွယ်သူဌေး ဖြစ်လာခဲ့သူပါ။


Ryan ဟာ ငယ်ကယ်လေးထဲက YouTube တွေကြည့်ရင်း အရုပ်တွေအကြောင်း တင်ဆက်တဲ့ဗီဒီယိုတွေကို စွဲလန်းနှစ်သက်ခဲ့ပါတယ်။ ဒီလို Toy Review ဗီဒီယိုတွေကြည့်ပြီး သူကိုယ်တိုင် လုပ်ကြည့်ချင်တာနဲ့ တစ်နေ့တော့  သူ့အဖေကို ပူဆာပြီး သူမှာရှိနေတဲ့ အရုပ်တွေ ဘယ်လိုကစားရတယ်ဆိုတာကို ပြောပြတဲ့ ဗီဒီယိုတွေ ရိုက်ပြီး YouTube မှာ လွှင့်တင်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ခုပြီးတစ်ခု ဆက်တိုက်ပုံမှန်လွှင့်တင်ခဲ့ရာကနေ ၂၀၁၅ ခုနှစ်မှာ သူ့ရဲ့ YouTube ချန်နယ်ဟာ ကြည့်ရှုသူ ၁၇ သန်းကျော် ရှိလာခဲ့ပါတယ်။

အဲဒီကနေတစ်ဆင့် ရရှိလာတဲ့ သူ့ရဲ့ဝင်ငွေဟာ ၂၀၁၈ ခုနှစ် တစ်နှစ်လုံးစာအတွက် ဒေါ်လာ ၂၂ သန်းရှိနေပြီး ဝင်ငွေအများဆုံး YouTuber စာရင်းမှာ နံပါတ် ၈ နေရာချိပ်နေတဲ့ ကလေးငယ်ဖြစ်တယ်လို့ Forbes ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သူရရှိတဲ့ဝင်ငွေတွေရဲ့ အများစုဟာ သူ့ရဲ့ ၁၀ မိနစ်ကနေ မိနစ် ၃၀ ထိ ကြာတတ်တဲ့ Review ဗီဒီယိုမစခင် ပြသနေတဲ့ စက္ကန့်ပိုင်းကြော်ငြာတွေကနေ အဓိကရရှိနေတာဖြစ်ပါတယ်။ သူ့ရဲ့ ဗီဒီယိုတွေဟာ တစ်ခုလျှင် ကြည့်ရှုသူ အနည်းဆုံး ၁၀ သန်းရှိနေပြီး ကြည့်ရှုသူများလေလေ ပိုက်ဆံပိုရလေလေဖြစ်တာကြောင့် သူ့ရဲ့ ဝင်ငွေဟာ အခုလို သန်းနဲ့ချီ ရှိနေတာဖြစ်ပါတယ်။

ဘဏ်စနစ်ချိပ်ဆက်မှု၊ နိုင်ငံတစ်ကာ အသိအမှတ်ပြုခံရမှု အားနည်းချက်တွေ ရှိနေသေးတာကြောင့် မြန်မာနိုင်ငံထဲမှာ နေထိုင်သူတွေအတွက်တော့ မည်မျှပင် ဖန်တီးမှုတွေ အားကောင်းနေစေကာမှု ဒီလိုအခွင့်အရေးမျိုးတွေ မရရှိနိုင်သေးတာကတော့ စိတ်မကောင်းစရာ ကောင်းပါတယ်။


အခုဆိုရင် Ryan ရဲ့ မိဘတွေဟာ သူ့ရဲ့ Toy Review ဗီဒီယိုတွေကို ကောင်းသည်ထက်ကောင်းအောင် ဖန်တီးဖို့ သားဖြစ်သူနဲ့အတူတူ ကြိုးစားနေကြပါတယ်။ Ryan ဆိုတဲ့ ၇ နှစ်သားလေးကတော့ ဆော့ရင်းကစားရင်း ဝါသနာပါတဲ့ ရုပ်သံတွေတင်ဆက်ရင်းနဲ့ လူသိများထင်ရှားတဲ့ YouTuber မီလီယံနာကြီးတစ်ယောက် ဖြစ်လို့နေပါတယ်။



Follow us on