ရန်ကုန်မြို့နှင့် ဒလဘက်ကမ်းကို ဆက်သွယ်တည်ဆောက်မည့် တံတားစီမံကိန်းကို လာမည့် စက်တင်ဘာလမှ စတင်ကာ စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားတော့မည်ဖြစ်ပြီး ရန်ကုန်မြစ်အတွင်း တံတားတည်ဆောက်မည့် သတ်မှတ်နေရာများတွင် မြေသားစမ်းစစ်မှုများ ပြုလုပ်နေပြီဖြစ်သည်။
သြဂုတ်လ ၂၄ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယ(၁)နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဆိုပါတံတားကြီးကို တည်ဆောက်ပြီးစီးပါက ဒလမြို့ဘက်အခြမ်းကို ရန်ကုန်မြို့သစ် စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိရန်ကုန်မြို့ကိုတော့ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရာ စိမ်းလန်းစိုပြေသော မြို့အဖြစ် ထိန်းသိမ်းဆောင်ရွက်သွားမည်ဟု ရှင်းလင်းပြောကြားခဲ့သည်။
ရန်ကုန်-ဒလ တံတားစီမံကိန်းကို ကန့်ကွက်မှုကြောင့် ဆိုင်ငံ့ထားခဲ့ရပြီး ယခုတစ်ဖန် တံတား၏ပုံစံဒီဇိုင်းသစ်ကို ကုန်သေတ္တာတင်သင်္ဘာကြီးများ ဖြတ်သန်းသွားလာနိုင်မည့်ပုံစံကို ပြန်လည်ပြင်ဆင်ရေးဆွဲထားပြီး အကောင်အထည်ဖော် တည်ဆောက်သွားတော့မည်ဖြစ်သည်။
ကိုးရီးယားမြန်မာချစ်ကြည်ရေး တံတားဖြစ်လာမည့် ရန်ကုန်-ဒလ တံတားကို ရန်ကုန်ဘက်ခြမ်းမှ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းမှ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဒလမြို့နယ် ဗိုလ်မင်းရောင်လမ်းတစ်လျှောက်တွင် စီမံကိန်းအလံတိုင်များ သတ်မှတ်စိုက်ထူသွားမည်ဖြစ်ပြီး လာမည့် စက်တင်ဘာလတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်သွားမည်ဖြစ်ကြောင်း ဒလမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင် က ပြောဆိုခဲ့သည်။