ယခင်ကတော့ ဆံပင်ရှည်မလေးတွေဆိုရင် ယောက်ျားလေးတွေ မြတ်နိုးလွန်းလို့၊ ကြည့်ရတာ မြန်မာဆန်ပြီး ရင်ထဲအေးသွားတာမို့ ကဗျာတွေ သီချင်းတွေနဲ့ တင်စားကြသလို ဆံရှည်မလေးတွေဆိုရင် အပြိုင်ပိုးခဲ့ကြရပါတယ်..။
ယနေ့ခေတ် လူ့အဖွဲ့စည်းကတော့ ပျက်ဆီးသွားပြီလား၊ နှမသားချင်းမစာနာတတ်တော့အောင် စိတ်ဓါတ်တွေ အဝီစိရောက်နေပြီလား မပြောတတ်တော့ပါဘူး။ ဆံပင်အရှည်နဲ့ ကောင်မလေးတွေကို ဆံပင်တွေပျက်ဆီးအောင် တစ်မင်သက်သက် တိုက်ခိုက်မှုတွေရှိနေတယ်လို့ လူမှုကွန်ယက်ပေါ်မှာ သတင်းတွေတက်လာနေပါတယ်။
ဆံပင်ရှည်မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်တွေကတော့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၇/၈ လမ်းဆုံနဲ့ ရှစ်သမ မှတ်တိုင်ကြားမှာ YBS အမှတ်(၃၀) ကားပေါ်ကနေအဆင်းမှာ ဆံပင်ကို စူပါဂလူး (ဆင်ကော်) နဲ့ အနားကပ်ပြီး လောင်းတာခံလိုက်ရတယ်လို့ ဆိုပါတယ်။
ကော်လောင်းခံလိုက်ရတာကြောင့် ဆံပင်တွေကပ်ကုန်ပြီး ညှပ်ပစ်ရတော့မယ့် အခြေအနေကို ရောက်နေတယ်လို့ ဆိုပါတယ်။ ဆံပင်ညှပ်ဆိုင်ကို အကူညီတောင်းဖြေရှင်းဖို့ သွားတဲ့အခါမှာ သူ့လိုပဲ အလားတူ ကော်နဲ့လောင်းခံထားရလို့ ဆံပင်တွေကပ်ကုန်တဲ့ အခြားအမျိုးသမီးတွေကိုလည်း တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။
ပြည်သူ့နီတိ၊ လူယဉ်ကျေးမှုတွေ တစ်ဖြည်းဖြည်းဆိပ်သုန်းလာနေတဲ့ လူအဖွဲ့အစည်းမှာ အချင်းချင်းတတ်နိုင်သလောက် စောင့်ရှောက်ကြပါ။ ဆံပင်ရှည်နဲ့ မိန်းကလေးတွေလည်း သတိထားပြီး သွားလာကြပါ၊ အန္တရာယ်ကင်းကြပါစေ။