လာမယ့် ဇွန်လ ၂၉ (သောကြာနေ့) မှာ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံကြီးအတွင်း မြန်မာ့စပါးအုံးအဖြစ် နာမည်ကြီးတဲ့ “အောင်လအန်ဆန်း” နဲ့ ဘရာဇီးက ဖိုက်တာကြီး “လန်ဒရိုအက်တီဒက်” တို့ရဲ့ မစ်ဒယ်ဝိတ်တန်း ချံပီယံစိန်ခေါ်ပွဲကြီး “Spirit Of A Warrior”ကို ပြုလုပ်တော့မှာဖြစ်ပါတယ်။
ဒီပွဲဟာ အောင်လအန်ဆန်းရဲ့ ပထမဦးဆုံး ချံပီယံခါးပတ်ကို ကာကွယ်ရမယ့် ပွဲလည်းဖြစ်ပါတယ်။ စိန်ခေါ်သူ ဘရာဇီးလူမျိုး “လန်ဒရိုအက်တီဒက်” ကတော့ မစ်ဒယ်ဝိတ်တန်းမှာ တစ်ယောက်ပြီး တစ်ယောက်ကို ဖြိုပြီး ချံပီယံဖြစ်တဲ့ အောင်လအန်ဆန်း ကို စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။
အောင်လအန်ဆန်း ကိုယ်တိုင်က “လန်ဒရိုအက်တီဒက်” ဟာ သူ့အတွက် သတိထားရမယ့် ပြိုင်ဖက်တစ်ယောက်ဖြစ်လို့ သူကိုယ်တိုင်စိတ်လှုပ်းရှားနေပါတယ်လို့ သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ဖော်ပြထားခဲ့တာရှိပါတယ်။
ဒါဆိုရင် “လန်ဒရိုအက်တီဒက်” ကို “အောင်လအန်ဆန်း” အနေနဲ့ ဘာကြောင့် သတိထားသင့်တာလဲဆိုတာ ပရိသတ်သိရှိရန် “လန်ဒရိုအက်တီဒက်” ရဲ့ နောက်ခံအကြောင်းလေးကို အနည်းငယ် ဖော်ပြပေးလိုက်ပါတယ်။
“လန်ဒရိုအက်တီဒက်” ဟာ ငယ်စဉ်က ရန်ပွဲတွေကြားမှာ မကြာခဏဆိုသလို ခံလာခဲ့ရတာကြောင့် သူ့ရဲ့မိခင်ဖြစ်သူက ဘရာဇီးဂျုဂျစ်ဆု(BJJ) သင်တန်းကို သွားအပ်ပေးခဲ့ပါတယ်။ အဲဒီအချက်က “လန်ဒရိုအက်တီဒက်” ကို ကမ္ဘာ့ချံပီယံဖြစ်လာစေဖို့ အစပြုခဲ့တာဖြစ်ပါတယ်။
အဲဒီကနေတစ်ဆင့် “လန်ဒရိုအက်တီဒက်” ဟာ ဘရာဇီးဂျုဂျစ်ဆု(BJJ) မှာ ၅ ကြိမ်တိုင်တိုင် ကမ္ဘာ့ချံပီယံဖြစ်ခဲ့ပြီး သူ့ချုပ်တာကို ခံလိုက်ရတဲ့ ပြိုင်ဖက်တွေအနေနဲ့ ရုန်းထွက်ဖို့ မလွယ်ပါဘူး။ အဲဒီနောက်မှာ သိုင်းပေါင်းစုံ MMA ကစားသမားအဖြစ် ONE Championship မှာ မစ်ဒယ်လ်ဝိတ်တန်းကနေ ဝင်ရောက်ကစားခဲ့ပါတယ်။ အခုဆိုရင် “လန်ဒရိုအက်တီဒက်” က အသက် ၃၁ နှစ်ရှိပါပြီ။
MMA အတွက် လေ့ကျင့်မှုများကို တရုပ်နိုင်ငံ ဘေကျင်းမြို့က အားကစားရုံမှာ လေ့ကျင့်နေပြီး သူ့ရဲ့ အားသာချက်ကတော့ ဂျူဂျစ်ဆုဖြစ်ပါတယ်။ “လန်ဒရိုအက်တီဒက်” ဟာ လက်ရှိမှာ နိုင်ပွဲ ၁၁ ပွဲ၊ ရှုံးပွဲ ၃ ပွဲနဲ့ သရေပွဲမရှိတဲ့ ကစားသမားဖြစ်ပါတယ်။ သူအနိုင်ရခဲ့တဲ့ ပြိုင်ပွဲအများစုက အလဲထိုးခဲ့တာနဲ့ ဒိုင်ပွဲရပ်ပေးခဲ့ရတာများပါတယ်။
ပြီခဲ့တဲ့ မေလ ၁၂ ရက်နေ့က “အောင်လအန်ဆန်း” ၂၀၁၇ တုန်းက တစ်ကြိမ်ရှုံးနိမ့်ခဲ့ဖူးတဲ့ ရုရှားကစားသမား ချံပီယံဟောင်း Vitaly Bigdash ကို ဒိုင်ပွဲရပ်နဲ့ အနိုင်ယူခဲ့ပြီး လက်ရှိချံပီယံ မြန်မာတို့ရဲ့ အသည်းကျော် “အောင်လအန်ဆန်း” ကို စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။
“အောင်လအန်ဆန်း” ကလည်း ဂျူဂျစ်ဆုကို အလေးထားပြီး ကစားသူဖြစ်တဲ့အတွက် ဂျူဂျစ်ဆု ချံပီယံ “လန်ဒရိုအက်တီဒက်” နဲ့ ပွဲဟာ ရင်ခုန်စရာကောင်းပါတယ်။
“လန်ဒရိုအက်တီဒက်” ဟာ ONE Champion ပွဲစဉ်တွေမှာ ဂျူဂျစ်ဆုကို တစ်ခါမှ သေသေချာချာ ထုတ်မသုံးရသေးပဲ ခုန်ကန်တာတွေ၊ ခုန်ပြီးထိုးချက်တွေနဲ့ ပွဲသိမ်းနိုင်ခဲ့တာများပါတယ်။ နောက်ဆုံး Bigdash နဲ့ ကစားပွဲမှာလည်း ကောင်တာပြန်လည် ထိုးချက်တွေနဲ့ပဲ ဒိုင်ပွဲရပ်အဖြစ် ပွဲသိမ်းခဲ့တာပါ။
“အောင်လအန်ဆန်း” ရဲ့ ကျွမ်းကျင်မှုတွေက ကတော့ ဂျူဂျစ်ဆု၊ မွေ့ထိုင်း နဲ့ ဘောက်ဆင်တို့ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
“လန်ဒရိုအက်တီဒက်” ရဲ့ ကျွမ်းကျင်မှုအဖြစ် ဂျူဂျစ်ဆု တစ်ခုတည်းသာ ဖော်ပြထားပါတယ်။
သို့ပေမယ့်လည်း “အောင်လအန်ဆန်း” ကိုယ်တိုင်က သူရဲ့ပြိုင်ဖက်အပေါ် အရမ်းစိတ်လှုပ်ရှားနေပါတယ်လို့ ဖော်ပြထားတဲ့အတွက် လာမယ့် ဇွန်လ ၂၉ ရက်နေ့ ပွဲကတော့ မြန်မာပရိသတ်တွေ အားလုံး “အောင်လအန်ဆန်း” နဲ့ ထပ်တူ ရင်ခုန်ရမယ့်နေ့ ဖြစ်မှာသေချာပါတယ်။
ဒီပွဲမှာ မစ်ဒယ်ဝိတ်တန်း ချံပီယံခါးပတ်ကို “အောင်လအန်ဆန်း” ဘယ်လိုကာကွယ်သွားမလဲဆိုတာကို သုဝဏ္ဏကွင်းထဲမှာ ကိုယ်တိုင်အားပေးချင်သူတွေအတွက် လက်မှတ်တွေလည်း ကြိုတင်ဝယ်ယူလို့ ရနေပြီဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။
***********************************
လက်မှတ်များကို “My Asia Ticket” တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ရွှေသံလွင်ကွန်ဒို၊ အခန်းအမှတ် (၇၀၃) ၊ ဖုန်းနံပါတ် ၀၁ ၅၄၉၂၉၇ တွင် ဆက်သွယ်ဝယ်ယူနိုင်ကြပါပြီ။
>> အွန်လိုင်းမှ တစ်ဆင့် လက်မှတ်ဝယ်ယူလိုပါက ဤနေရာကို နှိပ်ပါ <<