ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ၅၄ နှစ်အရွယ်အမျိုးသမီးအား လူသတ်ကာ အဖိုးတန်းပစ္စည်းများ ရယူခဲ့သည့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ရဲတပ်ဖွဲ့က ၅ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည် ။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီ ၃ ရက်နေ့တုန်းက ဦးဝင်းမြင့်မှာ သားနဲ့အတူ နေပြည်တော်မှအပြန် နေအိမ်သို့ရောက်ရှိချိန်တွင် ဇနီးဖြစ်သူ ဒေါ်နှင်းကြည်မှာ ပါးစပ်ကို ပုဆိုးစနှင့်ပိတ်၍ လည်ပင်းတွင် လှီးဖြတ်ခံထားရသော ဓါးဒဏ်ရာဖြင့် ပက်လက်အနေအထား သေဆုံးနေကြောင်းတွေ့ရှိခဲ့ရသည် ။ ပြစ်မှုကျူးလွန်သူအားဖော်ထုတ် အရေးယူပေးရန် တိုင်တန်းချက်အရ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်း (ပ) ၆၉၈ / ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်ခဲ့သည် ။
ဒေါ်နှင်းကြည်၏သားဖြစ်သူ ပြောပြချက်အရ ဒေါ်နှင်းကြည်မှာ နားကပ်တစ်ဖက် ၊ ရွှေလက်စွပ် (၁) ကွင်း၊ ကျောက်ဖြူလက်စွပ် (၁) ကွင်း၊ Heawei လက်ကိုင်ဖုန်း (၁) လုံးနှင့် ငွေကျပ် ၃၈ သိန်းတို့ပျောက်ဆုံးနေကြောင်း သိရသည်။
အထူးအမှုစစ်အဖွဲ့မှ သေဆုံးသူ၏ နောက်ကြောင်းစုံစမ်းချက်များအရ သေဆုံးသူ ဒေါ်နှင်းကြည်မှာ အွန်လိုင်းမှတစ်ဆင့် မြေနီကုန်းတွင် တွန်းလှည်းဖြင့် သစ်သီးရောင်းသူ သီရီမောင် ဆိုသူနှင့် ခင်မင်ရင်းနှီးခဲ့ကြောင်း သိရှိရသည်။ သီရိမောင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုံစမ်းထောက်လှမ်းခဲ့ရာ သီရိမောင်မှာ ကော့မှူးမြို့နယ်၊ ရှာဘွားကျေးရွာတွင် ကွမ်းခြံစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ဖူးကြောင်း၊ ၄င်း၏ ဇာတိမှာ မအူပင်မြို့နယ်၊ ဝဲဒေါင့်ကျေးရွာဖြစ်ကြောင်း၊ မြေနီကုန်း ဝန်းကျင်၌ သစ်သီးရောင်းချသည့် အလုပ်ကို လုပ်ကိုင်ကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊မေတ္တာမြို့၊ ကတ္တာရာခီးကျေးရွာရှိ ရာဘာခြံတွင်လည်း လုပ်ကိုင်ဖူးကြောင်း သတင်းရရှိခဲ့သည်။
တရားခံကို ဧပြီ ၈ ရက်နေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် ထားဝယ်မြို့နယ်၊ မေတ္တာမြို့၊ ကတ္တာရာခီး ကျေးရွာရှိ ဦးဝေနှင်းမောင်၏ ရာဘာခြံ၌ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ တရားခံအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထိရောက်ပြစ်ဒဏ်ရရှိရေးအတွက် ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Yangom Police တွင်ဖော်ပြထားသည်။