ဇေကမ္ဘာကုမ္ပဏီလီိမိတက်က ဖွင့်လှစ်မယ့် ရှေးဟောင်းပြတိုက်အဆောက်အဦးကို စတင် ဆောက်လုပ်နေပြီး (၂၀၁၈)ခုနှစ်အတွင်း ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
ရှေးဟောင်းပြတိုက်ကို မြန်မာ့ရှေးဟောင်းပစ္စည်းတွေမပျောက်ပျက်ဘဲ စနစ်တကျ ထိန်းသိမ်းပြီး အများပြည်သူလေ့လာနိုင်ဖို့ အခုလိုဖွင့်လှစ်ဖို့စီစဉ်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။ ဇေကမ္ဘာကုမ္ပဏီအနေနဲ့ ရှေးဟောင်းပစ္စည်းတွေကို လိုက်လံစုဆောင်းကာ ဇေကမ္ဘာကုမ္ပဏီရုံးခန်း၊ သန်လျင်မြို့နယ်နဲ့ဇေကမ္ဘာဂေါက်ကွင်းအတွင်းမှာသိမ်းဆည်းထားပြီး ပြတိုက်တည်ဆောက်မှုပြီးမှသာ ပြောင်းရွှေ့ထားရှိသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ပြတိုက်မှာ ပြသနိုင်ဖို့နှစ်သန်းပေါင်း(၂၇)သန်းရှိတဲ့ မြိုင်မြို့နယ်ကတွေ့ရှိထားတဲ့ လူမေးရိုးတစ်ခုနဲ့နှစ်သန်း(၁၀၀)ကျော်ရှိ ပယင်းတွေနဲ့ပယင်းအတွင်းရှိ အင်းဆက်တွေကိုလည်း စနစ်တကျသိမ်းဆည်းထားတယ်လို့ သိရပါတယ်။
ဇေကမ္ဘာကုမ္ပဏီရုံးခန်းမှာတော့ ရှေးဟောင်းဘုရားဆင်းတုတော်တွေ၊မြန်မာမှု လက်ရာအရုပ်တွေ၊ယွန်းထည်အစရှိတာတွေကို ထားရှိထားပြီး ဇေကမ္ဘာဂေါက်ကွင်း အတွင်းမှာတော့ နှစ်ပေါင်းများစွာက ကျောက်ဖြစ်ရုပ်ကြွင်းများ၊ဘုရားပုလ္လင်များ၊ရှေးခေတ်လက်ရာ မျက်နှာကျက်တွေ အစရှိတာတွေကိုထားရှိပြီး သန်လျင်မြို့နယ်မှာတော့ ရှေးဟောင်းပန်းချီကားများ၊ ပေ၊ပုရပိုက်တွေ အစရှိတာတွေကို သိမ်းဆည်းထားတယ်လို့ပြောပါတယ်။
ပြတိုက်ကိုတော့ ပြည်တွင်းကပြတိုက်ပညာရှင်တွေနဲ့ပြည်ပက ပြတိုက်ပညာရှင် တွေကိုခေါ်ယူပြီး စနစ်တကျဆောက်လုပ်သွားမှာဖြစ်ပြီး လေးထပ်အဆောက်အဦး ဆောက်လုပ် သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ပြတိုက်တည်ဆောက်မှုအပြီး ပြတိုက်ဝင်ကြေးကိုတော့ နိုင်ငံခြားသားတွေကို ဒေါ်လာနဲ့ကောက်ခံသွားမှာဖြစ်ပြီး ပြည်တွင်းကလာရောက်ကြည့်ရှု လိုသူတွေ ကိုတော့ အနည်းငယ်သာကောက်ယူသွားမယ်လို့သိရပါတယ်။အခြေခံပညာကျောင်းတွေနဲ့တက္ကသိုလ် ကျောင်းသူကျောင်းသားတွေကိုတော့ အခမဲ့ဝင်ရောက်ခွင့်ပြုသွားမှာ ဖြစ်တယ်လို့သိရပါတယ်။