ဆိုင်ကယ်ဘေးတွဲကို ဆန်းသစ်တီထွင်လိုက်ပြီးနောက် အမျိုးအမီးတွေအပါအ၀င် ဆိုင်ကယ် ဘေးတွဲမောင်းသူ တဖြေးဖြေးများပြားလာပြီလဲ ဖြစ်ပါတယ်။ မြို့နယ်တွင်းက ရပ်ကွက်နဲ့လမ်းတွေ အသီးသီးကို ခရီးအတိုလေးတွေသွားလာကြတဲ့အခါမှာ အသုံးပြုသွားလာနေတဲ့ ဆိုက္ကား၊ဆိုင်ကယ် တွေနေရာမှာ ခုဆိုဆိုင်ကယ်ဘေးတွဲတွေကို ရန်ကုန်မှာ စတင်အသုံးပြုသွားလာနေပြီပဲဖြစ်ပါတယ်။
လှိုင်သာယာမြို့နယ်၊အပြင်ပဒံမှာနေထိုင်တဲ့ ကိုစိုးခိုင်ကတော့ ဆိုက်္ကားကနေ ခုလိုဆိုင်ကယ်ဘေးတွဲကို ပြောင်းလဲပြေးဆွဲမောင်းနင်းဖို့ဆုံးဖြတ်ချက်ချလိုက်သူပါ။သူရဲ့ ဆိုက္ကားလေး ကို ငွေကျပ် ၂သိန်း ၀န်းကျင်နဲ့ ရောင်းချပြီး ၈သိန်း ၀န်ကျင်ကုန်ကျမယ့် ဒီဆိုင်ကယ်ဘေးတွဲကို ငွေကြေးမပြည့်စုံတဲ့ကြားက မဖြစ်ဖြစ်အောင်ဆင်လိုက်တာပြီး လက်ရှိမှာ ဒီဘေးတွဲတစ်စီး တစ်ရက်ဆွဲရငွေဟာ ကျပ်တစ်သောင်း ၊တစ်သောင်းခွဲ ၀န်ကျင်လောက်ရရှိကာ စားဝတ်နေရေး ပိုမိုအဆင်ပြေလာတယ်လို့လဲ ဆိုပါတယ်။
ရန်ကုန်မှာ ခုဆိုစည်ပင်သာယာနယ်နမိတ်တွင်းက မြို့နယ်တွေအနက် အစွန်ဘက် ကျတဲ့ မြို့နယ်တွေမှာ ဒီဆိုင်ကယ်ဘေးတွဲတွေကိုအသုံးပြုပြီး စားဝတ်နေရေး ဖြေရှင်းနေကြ သူတွေနဲ့အသုံးပြုသွားလာနေကြသူတွေဟာလဲ တစ်လထက်တစ်လများပြားလာပါပြီ။ကားစီးလို့ မလွယ်တဲ့ခရီးတွေကို သွားလာရာမှာ ခရီးသည်တွေအနေနဲ့ ဆိုက္ကား၊ဆိုင်ကယ်ထက် ဒီဘေးတွဲတွေ ကို စီးနင်းသွားလာရတာ ပိုမိုအဆင်ပြေတယ်လို့ဆိုကြပါတယ်။
ကိုစိုးခိုင်အပြင် အမျိုးသမီးတွေဟာလဲ အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်း လုပ်နိုင်ဖို့ အလုပ်တစ်ခုတိုးလာခဲ့ပြီးလို့လဲ လက်ရှိဆိုင်ကယ် ဘေးတွဲမောင်းနေသူ အမျိုးသမီးတွေက ဆိုပါတယ်။
ဆိုက္ကားနင်းပြီး ၀မ်းစာရေးကို ဖြေရှင်းနေကြတဲ့ ဆိုက်္ကားဆရာတွေအားလုံးကတော့ ဒီဘေးတွဲတွေကိုမောင်နှင်ဖို့ဆန္ဒရှိနေကြပေမယ့် တရားဝင်ခွင့်ပြုမထားသေးတာက တစ်ကြောင်း၊ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့သူတို့အဖို့ သိန်းချီမရင်းနှီးနိုင်လို့ အားမတန်မာန်လျော့ထားရ တယ်လို့လဲ ဆိုကြပါတယ်။
ဒီဆိုင်ကယ်ဘေးတွဲတွေကို တီထွင်ထုတ်လုပ်ပေးနေသူတစ်ဦးဖြစ်တဲ့ ကိုမောင်ဇော်ဟာ သက်ကြီးရွယ်အို ဆိုက်္ကားဆရာတွေအပါဝင် ဆိုက်္ကားသမားတွေရဲ့ဘ၀ကို ဂရုဏာ သက်ကာ ဒီဘေးတွဲကို တီတွင်ကြံဆထုတ်လုပ်ခဲ့တာဖြစ်ပြီး အိမ်တွင်းစက်မှုလက်မှုပညာ၊အသက်မွေး ၀မ်းကြောင်း လုပ်ငန်းတစ်တစ်ခုအဖြစ်သာ လုပ်ကိုင်နေတာလဲ ဖြစ်ပါတယ်။
လက်ရှိ ဘေးတွဲလာ လုပ်သူတွေဟာလဲ တစ်လထက်တစ်လပိုမိုများပြားလာတယ်လို့ ကိုမောင်ဇော်က ပြောပါတယ်။ အရင်က ဆိုက်္ကား၊ဂါလီထုတ်လုပ်ခဲ့သူဖြစ်လို့ အရမ်းကြီးမခက်ခဲသလို ဆိုက္ကားပုံစံအတိုင်းဖြစ်ပေမယ့် ကိုယ်ထည် နှစ်ထပ်၊ရှော့ဘားပိုထည့်ထားပြီး ဆိုက်္ကားထက်ပိုမြင့် အနည်းငယ် ပိုကျယ်အောင် တီထွင်လိုက်တာလို့လဲ ဆိုပါတယ်။
ဒီဆိုင်ကယ်ဘေးတွဲတွေအပါအ၀င် ဆိုင်ကယ်တွေကို ရန်ကုန်မြို့တော်စည်ပင် သာယာနယ်နိမိတ်အတွင်း ရန်ကုန်တိုင်းအစိုးရက တရားဝင်စီးနှင်ဖို့ ခွင့်ပြုမထားသေးပေမယ့် လက်ရှိမှာတော့ ခရီးသည်တွေနဲ့ရပ်ကွက်နေပြည်သူတွေရဲ့လိုအပ်မှုနဲ့အတူ ဒီယာဉ်တွေနဲ့ စားဝတ်နေရေးဖြေရှင်းသူတွေ အတွက်ကတော့ ပိုမိုအဆင်ပြေလာတယ်လို့လဲသိရပါတယ်။