1. Home
  2. Good Morning Myanmar

အသက် ၁၈ နှစ်နှင့်အထက် မျက်မမြင်ကျောင်းသား၊ ကျောင်းသူများ ကို ဆက်လက်ထောက်ပံ့ရန် ပြည်တောင်စုအဆင့်နှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်

Good Morning Myanmar ก.ย. 18, 2560 view 1,738

ရန်ကုန်မျက်မမြင်သင်တန်းကျောင်း(ခ၀ဲခြံ)မှာ ပညာသင်ကြားနေတဲ့ အသက်၁၈ နှစ် အထက် မျက်မမြင်ကျောင်းသား၊ကျောင်းသူများကို အသက် ၂၁ နှစ်ဘွဲ့ရသည်အထိ ထောက်ပံ့ကြေး ပေးအပ်ရန် စီစဉ်ဆောင်ရွက်နိုင်ခြင်းရှိ၊မရှိကို စက်တင်ဘာ ၁၃ ရက်က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)မှာ မရမ်းကုန်းမြို့နယ် မဲဆန်္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက မေးမြန်းခဲ့တာပါ။

` ရန်ကုန်မျက်မမြင်သင်တန်းကျောင်း ခ၀ဲခြံမှာ တက်ရောက်နေတဲ့ သင်တန်းသား သင်တန်းသူ ၁၈နှစ်အောက်(၁၁၃)ဦးနှင့် ၁၈ နှစ်အထက်(၃၉)ဦးရှိနေပြီး ဒီကျောင်သားတွေဟာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်အရွယ်မခွဲခြားပဲ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။အခုဘဏ္ဍာနှစ်မှာတော့ အသက်(၁၈) နှစ်အထက်ကို ကျောင်းသား၊ကျောင်းသူတွေကို လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့မှုတွေမလုပ်တော့လို့ အခက်အခဲတွေရှိနေတဲ့အပြင် မျက်မမြင် ကျောင်းမှာ နေထိုင်နေတဲ့ ကျောင်းသား၊ကျောင်းသူတွေဟာ တိုင်းရင်းသားဒေသများမှဖြစ်လို့ မိသားစုတွေရဲ့ထောက်ပံ့မှုရဖို့လည်း ခက်ခဲနေတာကြောင့် အခုလိုတိုင်းဒေသကြီး လွှတ်တော်မှာ မေးမြန်းခဲ့တာဖြစ်ပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ လူမှုဝန်ထမ်ဦးစီးဌာန အသိအမှတ်ပြု ပရဟိတ ကျောင်းများကို လူဦးရေအချိုးအစားလိုက်ထောက်ပံ့မှုတွေ ပြုလုပ်နေပြီး ရန်ကုန်မျက်မမြင် သင်တန်းကျောင်း ခ၀ဲခြံကတော့ တတိယအဆင့်ထောက်ပံ့နေတဲ့ ကျောင်းတစ်ခုဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက တိုင်းဒေသကြီးလွှတ်တော်မှာဖြေကြား ပါတယ်။ အမြင်အာရုံမသန်စွမ်းတွေဟာ လူတစ်ယောက်ကို မှီခိုပြီးနေထိုင်နေတဲ့ သဘောမျိုး ရှိတာကြောင့် ဂေဟာမှာပဲ အမြဲလိုလိုနေထိုင်နေရတဲ့အပြင် အမြင်အာရုံမသန်စွန်း အသက်၁၈ နှစ်ကျော် တက်္ကသိုလ်ရောက်သူ နှင့် တက္ကသိုလ်မတက်ရောက်တဲ့သူတွေကိုလည်း တခြား အမြင်အာရုံ မသန်စွမ်းသူများလို ထောက်ပံ့မှုမျိုးမဟုတ်တောင် ထိုက်သင့်တဲ့နှုန်းထားဖြင့် ထောက်ပံ့ပေးဖို့ ဦးရန်ရှင်းက ဆွေးနွေးသွားတာကို ဦးနိုင်ငံလင်းက အခုလိုပြန်လည်ဖြေကြားထားပါတယ်။ လက်ရှိ ရန်ကုန်မျက်မမြင်သင်တန်းကျောင်း(ခ၀ဲခြံ)မှာ အသက်၁၈ နှစ်အထက် တက်္ကသိုလ်တက်ရောက်သင်ကြားနေတဲ့ အမြင်အာရုံချို့တဲ့သူ (၁၃)ဦးနှင့် အခြားအသက်မွေးပညာ သင်ကြားနေတဲ့ (၂၆) ဦးရှိနေတယ်လို့သိရပြီး မျက်မမြင်အများစုကတော့ အသက်အရွယ်ကြီးမှ သင်တန်းကျောင်းကို ရောက်ရှိလာကြတာ ဖြစ်တယ်လို့ ကျောင်းအုပ်ကြီး ဒေါ်ဇီနာထွန်းကပြောပါ တယ်။



Follow us on