စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ အမှတ် ၁ ရပ်ကွက်တွင် အသက် ၄၅ နှစ်အရွယ် မောင်အရင်းမှ အသက် ၆၀ အရွယ် အမဖြစ်သူကို မုဒိန်းကျင့်ရန် ကြံစည်ခဲ့သဖြင့် အမဖြစ်သူမှ ရဲစခန်းသို့ စက်တင်ဘာ ၂ရက်နေ့က တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မိုးရွာသော ညတစ်ညတွင် အမဖြစ်သူသည် ညအချိန် အတူ လာအိပ်ပေးသော အသိမိတ်ဆွေ မရောက်လာသေး၍ စောင့်ရင်းအိပ်ပျော်နေခိုက် နေအိမ်သို့ လူတစ်ဦးရောက်လာ၍ ဓာတ်မီးဖြင့် ထိုးကြည့် ရာ မောင်ဖြစ်သူကို တွေ့လိုက်ရသည်။
ယင်းကြောင့် "ငါ့မောင် မိုးရွာကြီးထဲ ဘာအရေးကြီးလို့ ရောက်လာတာလဲ။ အရက်တွေလဲ မူး လာတယ် ထင်တယ်၊ နံထောင်းလို့ "ဟု ပြောစဉ် ဘာမှ မပြောပဲ အမအား ကုတင်ပေါ်တွန်းလဲကာ ပါးစပ်ပိတ်၍ သားမယားအဖြစ်ပြုကျင့်ရန် ကြိုးစားအားထုတ်ရာ ခြေဖြင့်ဆောင့်ကန်သဖြင့် ကုတင်ပေါ်မှ ပြုတ်ကျ၍ ထွက်ပြေးသွားခဲ့ကြောင်း အမှုဖွင့်တိုင်ကြားစာ အရ သိရသည်။
ယင်းဖြစ်စဉ်ကို အမဖြစ်သူမှ ဝမ်းကွဲအမကို ဖွင့်ပြာပြီး ကန့်ဘလူမြို့မရဲစခန်းသို့ တိုင်ကြားရာ (ပ)၂၀၈/၁၇ ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်၍ မောင်ဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။
သတင်းရင်းမြစ် - နှင်းမောင် (Central News Myanmar)