ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် အမေရိကန် ရေတပ်၏ ခေတ်အမီ၊ အဆန်းသစ်ဆုံး ရေယာဉ်ကြီး၏ တပ်တော်ဝင် အခမ်းအနားကို ဗာဂျီးနီးယားရှိ နော်ဖော့ခ် ရေတပ်ဌာနတွင် ပြုလုပ်ခဲ့သည်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တန်ချိန် တစ်သိန်းရှိသည့် လေယာဉ်တင် သင်္ဘောကြီးသည် တစ်ကမ္ဘာလုံးသို့ အမေရိကန်၏ စစ်အင်အားနှင့် ပတ်သက်၍ အသိပေး ကြေညာလိုက်သည့် သတင်းစကားတစ်ရပ်ဟု ညွှန်းဆိုခဲ့သည်။
“အမေရိကန်ရဲ့ သံမဏိ၊ အမေရိကန်သားတွေရဲ့ လက်နဲ့ တစ်ကမ္ဘာလုံး သိစေမယ့် တန်ချိန်တစ်သိန်း သတင်းစကား တစ်ရပ်ကို တည်ဆောက်ပြလိုက်တာ ဖြစ်တယ်။ အမေရိကန်ရဲ့ အင်အားဟာ ပြိုင်ဘက် မရှိနိုင်ဘူး”ဟု ထရမ့်က ညွှန်းဆိုခဲ့သည်။ USS Gerald R. Fordသည် လေယာဉ်တင်သင်္ဘောများ၏ စံနှုန်းသတ်မှတ်ချက်တွင် လက်ရှိ အဆင့်များနှင့် အကျုံးမဝင်ဘဲ အဆင့်အတန်း အသစ်တစ်ရပ်အဖြစ် ရေတပ်သို့ လာရောက် ပူးပေါင်းခြင်း ဖြစ်သည်။ အဆိုပါ သင်္ဘောကြီးတွင် နည်းပညာသစ် နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု၊ အဆင့်အမြင့်ဆုံး တိုက်ခိုက်ရေး စနစ်များနှင့် ရေဒါစနစ်များ ပါဝင်သည်။
လေယာဉ်တင် သင်္ဘောကြီး စတင်မိတ်ဆက်သည့် အခမ်းအနားတွင် ထရမ့်အပြင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်၊ ရေတပ် အကြီးအကဲ ရှောင်စတက်ကလီ အစရှိသည့် အရာရှိကြီးများလည်း ပါဝင်သည်။ USS Gerald R. Fordနှင့် အရွယ်အစား တူညီသည့် CVN 80 အဆင့်အတန်းရှိ USS Enterpriseကိုလည်း ရေတပ်က ဆက်လက် တည်ဆောက်လျက် ရှိသည်။ အဆိုပါ လေယာဉ်တင် သင်္ဘောကြီးများ၏ ဆောက်လုပ်မှု ကုန်ကျစရိတ်မှာ ဒေါ်လာ ၄၃ ဘီလီယံမျှ ရှိသည်ဟု ယုံကြည်ရသည်။
Credit : 7daydaily